Conversation (G)
"ကျန်ခဲ့တဲ့သူနဲ့ထားခဲ့တဲ့သူ ဘယ်သူက ပိုပြီးနာကျင်ရမလဲ"
မှောင်နေချိန်မို့ ပတ်ဝန်းကျင်ကို မမြင်ရပေမယ့်
ရေလှိူင်းတွေ ကျနော်တို့ဆီကို ပြေးလာနေတဲ့အသံကို အတိုင်းသားကြားနေရတယ်။ကြယ်ကြွေတာမှာသာ အသံတစ်ခုရှိမယ်ဆိုရင် ကျနော်ကတော့ ညင်သာတဲ့ရေလှိုင်းတွေ ကိုယ့်အနားကို တိုးလာသံလိုမျိူးလို့ ထင်တာပဲ။မှောင်နေတဲ့ညရဲ့ တိတ်ဆိတ်သံနောက်မှာ သူမရဲ့မေးခွန်းလေး ကပ်ပါလာခဲ့တယ်။
သူ့မေးခွန်းကိုကြားတော့ Linking Park ရဲ့ Sharp Edges သီချင်းထဲက စာသားတစ်ကြောင်းကို သတိရမိတယ်။
"Every scar is a story I can tell " တဲ့။
ကျနော်တို့မှာ အမာရွတ်တိုင်းအတွက် ပြောပြစရာပုံပြင်တစ်ပုဒ်ဆီ ရှိကြတယ်မှတ်လား။သူမကတော့ အမာရွတ်တိုင်းအတွက် မေးစရာမေးခွန်းတွေရှိနေခဲ့သလား ကျနော်စဉ်းစားမိပါတယ်။
"ဒီမေးခွန်းက ဖြေရတာ လွယ်သလိုနဲ့ မလွယ်ဘူးသိလား။ရုတ်တရက်ဖြေရင်တော့ ကျန်ခဲ့တဲ့သူက နာကျင်ရတယ်ပဲ ဖြေလိုက်မိမှာပဲ။ဒါပေမယ့်"
"ဒါပေမယ့်?" သူမက စကားထောက်ပေးတယ်။အေးမြတဲ့လေပြေတွေ ကျနော်တို့ဆီကို လာရောက်ထိခတ်နေလေတယ်။
"ကိစ္စအားလုံးမှာ အကြောင်းပြချက်ကိုယ်စီ ရှိနေကြတယ် နွေ။
အဲ့အကြောင်းပြချက်အားလုံးကို ငါတို့လက်မခံနိုင်ကြတာပဲရှိတယ်။နင့်မေးခွန်းကို ငါဖြေပါ့မယ်။ငါအရင်ပြောပြချင်တာလေးတွေတော့ရှိတယ်"
"တကယ်တော့လေ လူသားနှစ်ယောက် ဆုံကြတယ်ဆိုတာ သိပ်ကိုလှပလွန်းတဲ့အရာပါပဲ။ကမ္ဘာမှာ လူသန်းချီရှိနေတဲ့အထဲ၊ ငါတို့နေတဲ့မြို့ကလေးမှာ လူသန်းချီရှိနေတဲ့ထဲက ငါတို့က တစ်ယောက်ယောက်နဲ့ တစ်နေရာမှာ ဆုံဖြစ်ခဲ့ကြတယ်။ မိသားစုတစ်ခုရဲ့ သား၊သမီးဖြစ်ခဲ့ကြတယ်။ဆရာသမားတစ်ယောက်ရဲ့ တပည့်ဖြစ်ခဲ့ရတယ်။အဲ့ဒါက ရေစက်ပဲ။ရေစက်ဆိုတာကို မြင်သာအောင်ပြောရရင် တောင်တန်းတွေကြားထဲ လျှောက်သွားနေတုန်း ကိုယ့်လွယ်အိတ်ဘေးအိတ်ထဲကို သစ်ရွက်လေးကြွေကျလာသလိုပဲ။ဖြစ်နိုင်ချေတွေအများကြီးထဲက ဖြစ်ခဲ့ခြင်းတွေပေါ့ဟာ"
"ဒါပေမယ့် ဘယ်လိုပဲ ရေစက်တွေပါလာခဲ့ပစေ။အားလုံးမှာ အဆုံးသတ်ရှိတယ်။ဒါက လေးနက်တဲ့တရားသဘောဆိုရင်လည်း ဟုတ်တယ်။အရိုးရှင်းဆုံး အရှိတရားဆိုရင်လည်းဟုတ်တယ်။ငါတို့ဘယ်လောက်လက်မခံပစေ အဆုံးသတ်တွေဟာ ဖြစ်လာလိမ့်မယ်"
"ထွက်သွားသူတွေက ပုံစံအမျိုးမျိုးနဲ့ရှိနေတယ်ဟာ။ တစ်ချို့က ငါတောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပါဆိုပြီး တောင်းပန်တိုးလျှိုးမှုလေးနဲ့ ထွက်သွားကြတယ်။တစ်ချို့ကလည်း ရုတ်တရက် ဘာအကြောင်းပြချက်မှ မပေးပဲ ထွက်ခွာသွားခဲ့ကြတယ်။တစ်ချို့ကလည်း သန်းခေါင်ယံအိပ်မက်တွေထဲကျမှ အငွေ့အသက်လေးပေးပြီး သူထွက်သွားတာကို နားလည်ပေးဖို့ တောင်းဆိုကြတယ်။
အားလုံးကတော့ ကိုယ်စီအကြောင်းပြချက်တွေနဲ့ပဲ။ တစ်ချို့က ထွက်သွားချင်ရတဲ့အကြောင်းရင်းကို အမှန်အတိုင်းပြောပြကြတယ်။တစ်ချို့ကတော့ ကျန်ခဲ့သူကိုလည်း လိမ်၊သူတို့ကိုယ်သူတို့လည်း လိမ်တဲ့အကြောင်းပြချက်တွေပေးကြတယ်။ အဆုံးစွန်ထိပြောရရင် ရုတ်တရက်သေဆုံးခြင်းနဲ့ထားခဲ့သူတွေမှာတောင် ငါတောင်းပန်ပါတယ်ကွာ၊ငါဒီလိုဖြစ်ဖို့ဖြစ်လာဖို့ပါ လို့ အကြောင်းပြချက်လေး ပေးချင်စိတ်လေးရှိနေခဲ့မှာပဲ"
"ကျန်ခဲ့သူတွေကတော့ နားမလည်မှုတွေနဲ့ နာကျင်ပြီး ကျန်ခဲ့ရလိမ့်မယ်။ဟောဒီကမ္ဘာကြီးမှာ ငါတို့နားမလည်နိုင်စရာတွေဟာ ခုမြင်နေရတဲ့ကြယ်တွေထက် ပိုများပါတယ်လေ။ကိစ္စတိုင်းကိုလည်း နားလည်ပါတယ်လို့ ပြောစရာမှမလိုတာ။ထားခဲ့သူရဲ့ နောက်ကျောကိုငေးရင်း မင်းဒီလိုလုပ်တာဟာ ဘာလို့ငါ့ကိုမှဖြစ်ရတာလဲဆိုတဲ့မေးခွန်းလေးတော့ ကျန်ခဲ့သူရဲ့စိတ်မှာ အမာရွတ်ကလေးကျန်ခဲ့မှာပေါ့ဟာ"
ကျနော်ခဏရပ်လိုက်တော့ သူမက မေးခွန်းကို ပြန်ဆက်တယ်။ "ဆိုတော့ ဘယ်သူကပိုပြီးနာကျင်ရတယ်လို့ နင်ထင်လဲ "
"အစဦးမှာတော့ ထပ်တူထပ်မျှ နာကျင်ရတယ်လို့ထင်တယ်။ထားခဲ့သူဟာ နောက်ကျောမလုံမှုနဲ့ နာကျင်နေရပြီး ၊ ကျန်ခဲ့သူဟာ နားမလည်စရာ မေးခွန်းတွေအများကြီးနဲ့ နာကျင်ကျန်နေခဲ့ရတယ်။ ဘယ်သူက ကိုယ်ချစ်တဲ့သူကိုနာကျင်စေချင်မလဲ။ ခက်တာက ငါပြောခဲ့သလိုပဲ အဆုံးသတ်တစ်ခု၊လက်မခံချင်လဲ ကြားရမယ့် အကြောင်းပြချက်တစ်ခုဆိုတာ ရှိနေမှာပဲလေ။
ရေရှည်မှာကတော့ သံယောဇဉ်ကြီးသူဟာ ပိုပြီး နာကျင်ရစမြဲပဲဆိုတာ ငါပြောစရာလိုမယ်တောင်မထင်ပါဘူး။ သေသောသူကြာရင်မေ့ ဆိုတဲ့စကားရှိပေမယ့် မေ့ချင်စိတ်မရှိပဲ မေ့မယ်ထင်နေတာဟာ ထီးမဆောင်းပဲ မိုးမရွာဖို့ဆုတောင်းနေတဲ့စိတ်လိုမျိုးပဲဟာ။ဘဝက ဆက်သွားနေမယ်။ငါတို့ကလည်း အချိန်တစ်ခု၊မှတ်ဥာဏ်တစ်ခုမှ ရပ်မနေမိဖို့လိုတယ်။ငါအပေါ်မှာ ရေစက်ဆိုတာကို ပြောပြခဲ့တဲ့အတိုင်းပဲ
ခွဲခွာခြင်းဆိုတာဟာ ရေစက်ရဲ့ နောက်ထပ်ပုံစံတစ်မျိုးပါပဲ။ဒီပုံစံကတော့ ခါးသက်သက်နိုင်တယ်ပေါ့ဟာ။ ကျန်ခဲ့သူတွေအနေနဲ့ ဒါက ကမ္ဘာကြီးထဲက နောက်ထပ်အဆုံးသတ်လေးတစ်ခုပါပဲ(It's just an another ending) လို့ တွေးသင့်ပါတယ်။နာကျင်မှုကိုတော့ ကိုယ်ချင်းစာမိလို့ ဘယ်လိုဖျောက်ပါလို့ ဆရာကြီးမလုပ်ချင်ပါဘူး"
ပြီးတော့ တိတ်ဆိတ်သွားလိုက်တာ အသက်ရှုသံတွေကိုတောင် ကြားနေရတယ်။သူမရဲ့ စကားသံထွက်လာတယ်။
" သေဆုံးခြင်းနဲ့ပဲ ထွက်သွားရတာဖြစ်ဖြစ်၊ရှင်သန်ခြင်းနဲ့ပဲဖြစ်ဖြစ်ဟာ။ ငါတော့လေ ထွက်သွားရမယ်ဆိုရင်တောင် ဒီလိုပဲ အငွေ့ကလေးပျံပြီး ပျောက်ကွယ်သွားချင်မိတယ်။ ငါနာကျင်ရရင်တောင် ငါချစ်တဲ့သူတွေကို ငါ့ကြောင့်အပွန်းအပဲ့မရှိစေချင်ဘူးရယ်"
စကားဝိုင်းက ပြန်ပြီးတိတ်ဆိတ်သွားခဲ့တယ်။ကောင်းကင်ကနေ ကြယ်တစ်ပွင့်ကြွေကျလာပြီး ကျနော်
မျက်စိရှေ့မှာပဲ ပျောက်ကွယ်သွားခဲ့တယ်။
"It's just an another ending"လို့ သူမနှုတ်ဖျားက ခပ်ဖွဖွဆိုလိုက်လေတယ်။
-ဆပ်ရိပ်
၁၈.၄.၂၀၁၉
Comments
Post a Comment