Conversation (F)
"အသက်ရှင်ရတာ လွယ်သလား
သေရတာလွယ်သလား"
ဆေးလိပ်ငွေ့တွေကို လေထဲဖွာထုတ်လိုက်ရင်း သူမက မေးလာခဲ့တယ်။ဒီရက်ပိုင်း သူစိတ်ညစ်စရာကိစ္စတွေအများကြီးမို့ ထွက်ပေါက်တစ်ခုအနေနဲ့ မေးတာဖြစ်ဖို့များပါတယ်။
နေရာက ကလောမြို့က တောင်တန်းတွေကိုမြင်နေရတဲ့ကော်ဖီဆိုင်ကလေးမှာ။
"ဘာလဲ။နင်က ငါ့ကို တက်ကျမ်းထဲကစကားတွေနဲ့ စိတ်တက်ကြွအောင်လုပ်ပေးမယ့်သူလို့ တကယ်ထင်နေတာလား "
ကျနော်မေးလိုက်တော့ သူမက ရီတယ်။ပြီးတော့ ခေါင်းခါတယ်။
"မဟုတ်ပါဘူး။ငါကလည်း လက်တွေ့ကျတဲ့အဖြေပဲ လိုချင်တာပါ။ရေပေါ်ဆီစကားလုံးတွေက တကယ်တမ်း အလုပ်မဖြစ်တာ ငါသိပါတယ်"
"နင့်မေးခွန်းရဲ့အဖြေရမရတော့မသိဘူး။ငါပြောပြစရာတော့ရှိတယ်။ငယ်ငယ်က ငါတို့လမ်းထဲမှာ ခွေးတစ်ကောင်ရှိတယ်။ ညာခြေတစ်ဖက်ကျိုးထားလို့ လမ်းလျှောက်ရင် ထော့နင်းထော့နင်းဖြစ်နေတယ်။ခြေထောက်ကျိုးကြီးနဲ့ ရန်ပွဲဖြစ်ရင်လည်း သူပဲအကိုက်ခံရတယ်။အိမ်တွေက တစ်ခါတစ်လေကျွေးမှ အစာစားရတယ်။ဆိုတော့ ပိန်ကပ်နေတာပေါ့လေ။
တစ်ရက်တော့ သူကားလမ်းကူးတုန်း အရှိန်အရမ်းများတဲ့ကားတစ်စီးက ဝင်တိုက်လိုက်တယ်။သူတော်တော်နဲ့မသေဘူး။လမ်းပေါ်မှာ ဆန့်ငင်ဆန့်ငင်ဖြစ်နေခဲ့တယ်။ ဘယ်သူမှလည်း လမ်းဘေးဆွဲမချဘူး။ကားတွေက သူ့ကိုရှောင်မောင်းသွားကြတယ်။
ငါစက်ဘီးလေးနင်းပြီး အိမ်ပြန်လာတဲ့အထိ သူအသက်မထွက်သေးဘူး။
ခုထိ အဲ့မြင်ကွင်းကို မျက်စိထဲကမထွက်ဘူးရယ်။"
ခဏနားပြီးမှ ကျနော်ဆက်ပြောတယ်။
"ဆိုတော့ သေရတာရော ရှင်ရတာရော ဘယ်အရာမှတကယ်မလွယ်ဘူး။အသက်တွေကြီးလာတာနဲ့ ငါတို့ပိုပြီးရုန်းကန်လာရမယ်။ဘဝက မီးခိုးတွေနဲ့ပြည့်နေတဲ့တောအုပ်ကြီးလိုပဲ။အဲ့တောအုပ်ကြီးထဲမှာ ပျော်ရွှင်မှုဆိုတဲ့ နေရောင်ပျပျလေးကို ငါတို့တတ်နိုင်သလောက် ရှာယူကြရမှာပဲ"
"အင်း" ကော်ဖီတငုံသောက်လိုက်ရင်း သူစကားထောက်ပေးလို့ ကျနော်ဆက်ပြောတယ်။
"ငါ လူတွေကို မွေးနေ့ဆုတောင်းရေးပေးရတဲ့အခါကျရင် ဘာဆုတောင်းပေးတတ်လဲသိလား။ပျော်ရွှင်ပါစေဆိုတာပဲ။
အဲ့ဒါစိတ်ရင်းနဲ့ပါ။ဘာကြီးတွေ ပိုင်ဆိုင်ရပါစေ စိတ်အထားမတတ်ရင် ဘူနေမှာပဲ။ငါ့အထင်တော့ ပျော်ရွှင်နေဖို့ထက် အရေးကြီးတာ ဘာမှမရှိဘူး။ ပျော်ရွှင်မှုကို ဘယ်လိုရှာမယ်ဆိုတာကတော့ တစ်ယောက်ချင်းဆီရဲ့ သဘောပေါ့လေ။တစ်ချို့က ငွေရမှပျော်ရွှင်မှုရမယ်လို့ထင်ကြတာရှိမယ်။အဲ့ဒါတွေငါမငြင်းချင်ပါဘူး။ပျော်ရွှင်မှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာကြပါစေ။ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်တဲ့ပျော်ရွှင်မှုမျိုးဟာ လူတိုင်းနဲ့ထိုက်တန်ပါတယ်"
"ဒါပေမယ့် စောက်ရမ်းစိတ်ဓာတ်တွေအောက်ဆုံးရောက်နေတဲ့အခါကျရင် ဘာမှလုပ်လို့မှမရတော့တာ။"
"အင်းလေ။ငါကလဲ ဘာတွေလုပ်ပါဆိုတဲ့ ကုထုံးတွေမပြောပြတတ်ဘူး။ငါလည်း စိတ်ရောဂါကုဆရာဝန်မဟုတ်ဖူး။ငါလုပ်နေကျကတော့ စကားပြောတယ်။တစ်ယောက်ယောက်နဲ့ ငါ့ခံစားချက်တွေကိုပြောပြတယ်။တစ်ယောက်တည်းနေတာက အန္တရာယ်များတဲ့အရာပဲ။ညတွေဆိုပိုဆိုးတယ်။ ငါ့ခံစားချက်တွေကိုပြောပြတယ်ဆိုတာ စိတ်ထဲက လောင်စာတွေကို မီးခြစ်နဲ့ရှို့လိုက်သလိုပဲပေါ့။ပြီးရင် အငွေ့တွေကျန်ခဲ့လိမ့်မယ်။အငွေ့တွေဟာ မျက်ရည်အနေနဲ့ဖြစ်ဖြစ်၊ဒေါသအနေနဲ့ဖြစ်ဖြစ် ငါ့ကိုယ်တွင်းကထွက်လာလိမ့်မယ်။ဒါဆို ငါအထိုက်အလျောက်တော့သက်သာရတာပဲ။ငါသေဖို့တော့ မစဉ်းစားဘူး"
"ဒုက္ခဆိုတာ နောင်တစ်ချိန်ဖြစ်လာမယ့်ဟာသပဲတဲ့။ဆရာအကြည်တော်ရဲ့စကားပါ။နင်ကြုံခဲ့ရတဲ့ ရုန်းကန်မှုတွေဟာ တစ်ချိန်မှာ ပြန်လှည့်ကြည့်လိုက်ရင် အော် ငါလုပ်နိုင်ခဲ့ပါလား၊ငါကျော်ဖြတ်နိုင်ခဲ့ပါလားဆိုတဲ့အသိလေးက ကျေနပ်စရာပါ။တောင်တန်းတွေကြား ခရီးသွားသလိုပေါ့ဟာ။ဒီအတက်ကြီးက မတ်လွန်းတယ်ဆိုပြီး နင်အရှုံးပေးလိုက်ရင် အဲ့အတက်မှာရှိနေမယ့် အလှဆုံးရှုခင်းလေးကို နင်မြင်ရမှာမဟုတ်ဖူး။တစ်ခုတော့ရှိတယ်။အဲ့ရှုခင်းမှာပဲ နင်နေနေလို့ရမှာလည်းမဟုတ်ဖူးနော်။နင်ဆက်သွားနေရမှာ။ကုန်းတက်တွေတက်လိုက်။ရှုခင်းတွေခံစားလိုက်။ဒါက ဘဝနဲ့ပတ်သတ်လို့ ငါခံစားရတဲ့ သရုပ်ဖော်မှုပဲ။ဘယ်လောက်ခက်ခဲတတ်လဲဆိုတာလည်း ငါသိတယ်လို့ပြောရင်ယုံ။လူတိုင်းအတွက် ဒုက္ခဆိုတာ ကိုယ့်အတိုင်းအတာနဲ့ကို ခံစားရတာပဲ။ဘာမှလည်းမဟုတ်ပဲနဲ့ဆိုတာမရှိဘူး။လက်နဲ့ဆိတ်တာလေးဆိုပေမယ့် ကလေးအတွက်တော့ ငိုတဲ့ထိခံရနိုင်တာပဲလေ။
ငါပုံပြင်တစ်ပုဒ်ပြောပြမယ်။"
"အင်း ။ငါနားထောင်နေပါတယ်။" တောင်တန်းတွေကိုငေးရင်း သူမကပြောတယ်။
"တစ်ခါက ကုန်သည်တစ်ယောက်ရှိတယ်။တစ်နေ့တော့ သူကုန်ကူးသွားရင်း သူ့ရဲ့သင်္ဘောက မုန်တိုင်းမိလို့ သူ့ခမျာ ကျွန်းတစ်ခုပေါ် မျောကျန်ခဲ့တယ်။ပစ္စည်းတွေလည်းဆုံး။သင်္ဘောလည်းဆုံးဆိုတော့ ရူးမတတ်ပေါ့။မသေတာပဲ သူဝမ်းသာရတယ်။အဲ့တော့လည်း ဖြတ်သွားတဲ့သင်္ဘောမရှိမချင်း ဒီမှာနေဖို့ပဲ ရှိတော့တာလေ။အထိုင်ကျအောင် သူပြန်ကြိုးစားတယ်။ကျွန်းပေါ်မှာ အိမ်အသေးလေးတစ်လုံးတောင်ရလာတယ်။ဒီလိုနဲ့ ကျွန်းပေါ်မှာနှစ်တွေကြာလာခဲ့တယ်။
တစ်ရက်တော့ သူအစားအစာထွက်ရှာရာက ပြန်လာတော့ အိမ်ကလေးက မီးလောင်နေတာကိုတွေ့လိုက်ရတယ်။သူရင်ကွဲရတော့တာပဲ။သူဝမ်းနည်းပက်လက်ငိုပြီး ဘုရားသခင်ကို တိုင်တည်ပြီးအော်တယ်။ ဘာလို့ခင်ဗျား အဲ့လောက်ရက်စက်ရတာလဲ။ကျနော့်မှာ နူရာဝဲစွဲ၊လဲရာသူခိုးထောင်းဖြစ်ရတယ်။ခုကျနော့်မှာ ဘာမှမရှိတော့ဘူးလို့ အော်ဟစ်ငိုကြွေးတယ်။
အဲ့အချိန်မှာ သင်္ဘောကြီးတစ်စင်းက သူ့ကျွန်းဆီလာနေတာကို သူတွေ့လိုက်ရတော့ သူမင်သက်သွားတယ်။အတိုချုပ်ရရင်တော့ သူအိမ်ပြန်နိုင်ခဲ့တယ်ပေါ့။သင်္ဘောက သူ့ဆီဘာလို့ရောက်လာလဲဆိုတော့ သူ့အိမ်ကလေးဆီက လောင်နေတဲ့ မီးခိုးငွေ့တွေကို တွေ့ရလို့တဲ့။
အဲ့ပုံပြင်ကိုငါဖတ်ခဲ့တာကြာပေမယ့် ငါစွဲနေအောင်မှတ်မိခဲ့တယ်။ပုံပြင်ရဲ့ moral က ဖြစ်သမျှအကြောင်းကောင်းဖို့ချည်းပဲ။ 3 idiot ထဲက ရန်ချိုရဲ့စကားအတိုင်းပါပဲ ။အရမ်းစိတ်ညစ်လာရင် ကိုယ့်ရင်ဘတ်လေးကိုပုတ်ပြီး All is well လို့ တိုးတိုးလေးပြောပေါ့ဟာ"
ကျနော့်စကားဆုံးတော့ သူမပြုံးတယ်။ပြီးတော့ နည်းနည်းတော့အဆင်ပြေလာပြီလို့ အသံတိုးတိုးလေးပြောတယ်။
"အသက်ရှင်မှုကနေ လက်လျှော့ဖို့ကတော့ ဘယ်တော့မှ မစဉ်းစားလိုက်နဲ့သိလား။ နင်လူရယ်လို့ဖြစ်လာပြီဆိုကတည်းက နင့်အသက်ဗူးလေးကိုနင်မပိုင်တော့ဘူး။ အဲ့ဒါကိုသွားမထိလိုက်နဲ့။ နင်ထိလိုက်လို့ နင်သေသွားရင် နင်ကတော့ပီးသွားပြီ။နင့်ကိုချစ်သူခင်သူတွေက ဝမ်းနည်းကြေကွဲမှုကို အချိန်တစ်ခုကြာ ခံစားရလိမ့်မယ်။facebook ပေါ်မှာ ရည်းစားနဲ့ပြတ်လို့ nobody need me အော်နေတဲ့ စောက်ပေါdepressionist တွေကို မေ့ထားလိုက်။ နင်ဆုံးရှုံးရတာတွေများလို့ ကြေကွဲပြီး နင့်အသက်ဗူးလေးကိုထိချင်လာရင် နင့်ကိုချစ်တဲ့သူတွေကိုသတိရ။"
"ပါပီယွန်စာအုပ်ထဲကစကားအတိုင်းပဲ။ အသက်ရှင်နေသေးရင် ဘာမဆိုဖြစ်နိုင်တယ်။ စတီဗင်းဟော့ကင်းလည်းပြောခဲ့ပါတယ်။While there's life, there's hope တဲ့။ဘဝရှိနေသေးရင် မျှော်လင့်ချက်လေးတွေ ရှိနေပါသေးတယ်။အနည်းဆုံးတော့ ငါတို့အသက်ရှင်နေသေးတယ်ပေါ့ဟာ"
သူမရဲ့ မျက်လုံးတွေကအစ ပြုံးလာတယ်။ပြီးတော့ ရီရင်းပြောတယ်။
"မရဘူး။ငါ့လက်ကို ဘလိတ်ဓားနဲ့ခြစ်ပြီး facebook ပေါ် တင်တော့မယ်" တဲ့။ကျွန်တော်ရီနေလိုက်တယ်။ကျွန်တော်တို့အတူတူရီလိုက်ပြတယ်။
အဝေးက တောင်တန်းတွေဆီကို ငှက်တွေပျံသွားကြတယ်။အဝေးကြီး။ဟိုးအဝေးကြီးဆီကို..။
-ဆပ်ရိပ်
၁၅.၄.၂၀၁၉
Comments
Post a Comment