Conversation (E)
"ချစ်ခြင်းမေတ္တာရဲ့ အဆုံးသတ်မှာ ဘာရှိလဲ"
ဒီမေးခွန်းကို သူမ မေးလာတော့ ကျနော်တို့ ဝေးနေကြပါတယ်။ကိစ္စတစ်ခုနဲ့ အရေးတကြီးခရီးသွားရာကနေ ကျနော်အချိန်တစ်ခုကြာ အိမ်မပြန်ဖြစ်ခဲ့ဘူး။ သူမဆီက စာတစ်စောင် ကျနော့်ဆီရောက်လာခဲ့တယ်။စာက သူရေးတဲ့နေ့စွဲနဲ့ဆို တစ်ပတ်တိတ်ိကြာပြီးမှ ကျနော့်ဆီရောက်လာလေရဲ့။ကျနော်လည်း လုပ်လတ်စတွေကို ခဏပစ်ချပြီး ညတွင်းချင်းပဲ စာတစ်စောင်ရေးရပါတော့တယ်။နောက်နေ့ညနေ စာပို့ရထားဆီ အရောက်ပို့ဖို့ပေါ့။ကျွန်တော်တို့ပြောခဲ့ကြတာတွေက ဒီလိုပါ။
သို့/
စာလေးတစ်စောင်ပဲ ပို့ပြီး
ရုတ်တရက်ကြီး နင်ခရီးထွက်သွားတာ ၂၅ရက်ရှိပြီ။ ဖုန်းဆက်မရလို့ ဘာများဖြစ်နေသေးသလဲ စိတ်ပူနေရသေးတယ်။နောက်တော့လည်း နင်ပြောနေကျစကားအတိုင်း ဘာသတင်းမှမကြားရတာ သတင်းကောင်းပဲလို့ပဲ တွေးလိုက်ပါတယ်။ငါတို့ပြောနေကျ စကားတွေ သတိရမိတယ်။နင့်ကိုငါ့စိတ်ထဲရှိတာတွေ မမေးရတော့လည်း မနေနိုင်တာနဲ့ နင့်အိမ်ကိုသွားပြီး နင်ခုရောက်နေတဲ့လိပ်စာတောင်းခဲ့လိုက်တယ်။ပြီးတော့ ခုစာကို ရေးလိုက်တာပဲ။ နင့်နေရာက ဝေးလွန်းတော့ စာရောက်ပါ့မလားမသေချာပေမယ့် စာမရေးရတာကြာတော့ ရေးချင်နေတာပဲရယ်။နင်လည်း ကိစ္စတွေပြီးရင် အမြန်ပြန်လာပါ။ငါအရမ်းသတိရနေတယ်။ငါတစ်ယောက်တည်းဖြစ်နေတယ်။ စာရောက်ခဲ့ရင်လည်း ငါ့ဆီသေချာပေါက် စာပြန်ပါ။စာပြန်ရင် ရေးစရာရအောင် ငါတစ်ခုတော့မေးချင်တယ်။ "ချစ်ခြင်းမေတ္တာရဲ့အဆုံးသတ်မှာ ဘာရှိလဲ "။ ငါအဲ့မေးခွန်းကိုသိချင်နေတယ်ရယ်။နင်ဖြေချင်ရင်လည်း ဖြေပေးပေါ့။ အလုပ်တွေရှုပ်နေရင်လည်း ဆောရီးပါ။အစစအရာရာ အဆင်ပြေပါစေ။ See u soon!
မှ/
နွေဝေရီ
........................
သို့/
ချစ်ရတဲ့ နွေဝေရီ
ငါအခုရောက်နေတဲ့ တောင်ပေါ်မြို့လေးက သိပ်လွမ်းစရာကောင်းတယ်။မြို့က ခပ်သေးသေးလေး။နှစ်ရက်ကိုတစ်ခါညနေဘက်တွေမှာ ရထားရောက်လာတတ်တယ်။ညနေ ၆နာရီလောက်ဆို လမ်းပေါ်မှာ သွားတဲ့လာတဲ့သူနည်းလို့။ ရာသီဥတုကလည်း အေးတော့ တကယ့်ကိုငြိမ်းချမ်းတဲ့မြို့ပါပဲ။
ငါလည်းပဲ နင့်ကိုသတိရနေပါတယ်။မထင်ထားပဲ နင့်စာရောက်လာတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဆို ယုံပါ။ဒီစာက နောက် တပတ်လောက်နေမှ နင့်ဆီရောက်လာလိမ့်မယ်ထင်တယ်။
နင့်မျက်နှာမမြင်ရချိန်မှာ
နင့်မေးခွန်းကို နင်စိတ်ကျေနပ်အောင်ဘယ်လိုဖြေရမလဲ ငါမသိဘူး။ဒါပေမယ့် ရေးစရာတစ်ခြားအကြောင်းအရာလည်းမရှိပါဘူးလေ။
ချစ်ခြင်းဆိုတာက ငါတို့ဘဝရဲ့ လိုအင်တွေထဲကတစ်ခုပဲ။ ပုဂ္ဂလအရမ်းဆန်တဲ့လူတစ်ချို့ကလွဲလို့ အချစ်မရှိပဲ ငါတို့မနေနိုင်ကြဘူး။မိဘတွေကိုချစ်ကြတယ်။ သူငယ်ချင်းတွေကို ချစ်ကြတယ်။ တိရစ္ဆာန်လေးတွေကို ချစ်ကြတယ်။ သေချာတာတော့ မချစ်ပဲ ငါတို့မနေနိုင်ကြဘူး။ချစ်ခြင်းမရှိရင်လည်း ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေပြည့်နေလိမ့်မယ်။ ဒီတော့ ချစ်ခြင်းကို ငါတို့လိုအပ်တယ်။
ငါတော့ သူစိမ်းနှစ်ယောက်ချစ်ခြင်းဆိုတာကရော တကယ်ရှိရဲ့လားစဉ်းစားမိတယ်။လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေကို အပြန်အလှန်ရယူနေကြတာကို အချစ်လို့သတ်မှတ်နေကြတာလား။တစ်ယောက်က အကြင်နာငတ်နေတယ်။တစ်ယောက်က နားလည်မှုငတ်နေတယ်။တစ်ယောက်လိုအပ်တာကို တစ်ယောက်ကပေးလိုက်တယ်။ငါကတော့ အဲ့ဒါမျိုးကို အချစ်ဆိုတာထက် နှစ်ဦးနှစ်ဖက်အပြန်အလှန်အသုံးချခြင်း လို့ပဲ သတ်မှတ်ချင်တယ်။ ချစ်ခြင်းဟာ အဲ့ဒီထက်လေးနက်တယ်၊ သိမ်မွေ့နူးညံ့တယ်လို့ငါထင်တယ်လေ။
ချစ်ခြင်းရဲ့ အဆုံးသတ်အကြောင်းမပြောခင် ချစ်ခြင်းရဲ့အစွန်းနှစ်ဖက်အကြောင်းပြောပြချင်တယ်။အရာအားလုံးလိုပဲ ချစ်ခြင်းမှာ အစွန်းနှစ်ဖက်ရှိတယ်။တစ်ဖက်က အကောင်း ၊တစ်ဖက်ကအဆိုး ၊အလယ်ကတော့ မဇ္ဇိမပဋိပဋာပေါ့လေ။ ပလေတိုးနစ်အချစ်ဆိုတာကြားဖူးလား။ ဆရာတာရာမင်းဝေစာအုပ်ထဲမှာ ငါဖတ်ဖူးခဲ့တာ။ လူတစ်ယောက်ကို ဘာရယူခြင်းမှ မပါပဲ အဖြူစင်ဆုံးချစ်ခြင်းတဲ့။ချစ်ခြင်းမေတ္တာရဲ့ အမွန်မြတ်ဆုံးအပိုင်းပေါ့။ချစ်နေရတာနဲ့တင် ပျော်ရွှင်နေရတာ။မြင်နေရတာနဲ့တင် ပန်းတွေလှနေတာ။ပိုင်ဆိုင်ရရင် လိုချင်ပေမယ့် မပိုင်ဆိုင်ရရင်လည်း ပျော်နေပါကိုယ်ချစ်တဲ့ငှက်ကလေးဆိုတဲ့စိတ်မျိုး။
ဒါ ပလေတိုးနစ်အချစ်ပဲ။ကိုယ့်အတ္တတွေမပါပဲ အဲ့လိုချစ်နိုင်ဖို့က ခက်လှတယ်။ဒါပေမယ့် ချစ်နေကြတဲ့သူတွေရှိနေတယ်။ငါတို့သူတို့ကို လေးစားသင့်တယ်ထင်တယ်။
အဆိုးဘက်အစွန်းကတော့ အတ္တကမ်းကုန်နေတဲ့အချစ်မျိုးပဲ။ငါ့စကားကို နင်လက်ခံချင်မှလက်ခံမယ်။(လက်မခံရင်လည်း နင့်ကိုငါချစ်ပါတယ်:P) ။နင်သိလား။ ကမ္ဘာပေါ်က လူတွေအများကြီးဟာ ကိုယ့်ဘဝကိုတစ်ခြားတစ်ယောက်က အပိုင်စီးလိုက်တာကို အချစ်လို့ထင်ပြီး သာယာနေကြလေရဲ့။ ငါနင့်ကိုချစ်တယ် ၊နင်ဆံပင်မညှပ်ရဘူးဆိုတာမျိုး။ငါနင့်ကိုချစ်တယ် နင်တခြားတွေနဲ့မပေါင်းနဲ့ဆိုတာမျိုးပေါ့။
ငါတို့မှာ ကိုယ့်ဘဝနဲ့ကိုယ်တည်ရှိပြီးသားပါ။ငါတို့ဘဝကို ငါတို့ပဲ ပိုင်ရကောင်းမှန်းမသိအောင် ညံ့ဖျင်းလွန်းနေရင် ငါတို့ဟာ အချစ်ခံရဖို့ထက် လှောင်အိမ်ထဲက ငှက်ကလေးတွေလို ဖြစ်သွားရလိမ့်မယ်။ အချစ်ဆိုတာဟာ ဘဝအချင်းချင်းချုပ်ချယ်ခွင့်လက်မှတ်မဟုတ်ဖူး။မေတ္တာတရား၊နားလည်ခြင်း၊ယုံကြည်ခြင်း၊ပျော်ရွှင်ခြင်း၊အတူတူရင်ဆိုင်ခြင်းတွေနဲ့ တည်ဆောက်ရတဲ့အရာဖြစ်တယ်။ဘဝကတိုတိုလေးပါ။ကိုယ့်ကိုယ်ကိုလည်းပိုင်သင့်တယ်။ချစ်လည်း ချစ်သင့်တယ်။မဇ္ဇိမပဋိပဋာကတော့ ချစ်လည်းချစ်တယ်။ပိုင်လည်းပိုင်ဆိုင်ချင်တယ်ဆိုတာမျိူး အစွန်းတွေရောနေတဲ့အချစ်ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်လည်း ချစ်ခြင်းမေတ္တာရဲ့အစွန်းနှစ်ဖက်ဆီရော ၊အလယ်မှာရော လူတွေအများကြီးဟာ သူတို့နည်းသူတို့ဟန်နဲ့ နေထိုင်နေကြတဲ့အတွက် ဒါဟာလည်း သူတို့လွတ်လပ်ခွင့်ပဲမို့ ငါဘာမှမပြောလိုပါဘူး။
ချစ်ခြင်းမေတ္တာရဲ့ အဆုံးသတ်ကို နင်မေးခဲ့တယ်နော်။
တကယ်တော့ ချစ်ခြင်းမေတ္တာမှာ အဆုံးသတ်ဆိုတာမရှိပါဘူး နွေ။ လူတစ်ယောက်ကို ချစ်မိပြီးရင် ငါတို့ဟာ အမြဲချစ်နေကြတော့မှာပဲ။ အမုန်းဆိုတာ ချရေးရတာလောက် မလွယ်ပါဘူးလေ။ ချစ်မိသွားပြီဆိုရင် မိုင်းတွေပြည့်နေတဲ့ ကွင်းပြင်ကြီးထဲရောက်သွားသလိုပါပဲ။ပန်းတွေပွင့်လာမယ့် မိုင်းတွေလား။နင့်ကိုအပိုင်းပိုင်းပြတ်စေမယ့်မိုင်းတွေလား။ နင့်အပေါ်မူတည်ပြီး မိုင်းတွေဟာ ပုံစံအမျိူးမျိုးပြောင်းသွားတယ်။ ဆိုတော့တစ်ခုပဲ ပြောစရာရှိတယ်။
ချစ်မိသွားပြီဆိုရင်
ချစ်ခြင်းမှာ အဆုံးသတ်ဆိုတာမရှိတော့ဘူးနွေ။ ဒီတော့ ချစ်တတ်ဖို့တော့ လိုပါတယ်။ကိုယ့်ကိုယ်ကိုရော သူများကိုရော ထိခိုက်ခြင်းမရှိပဲ အေးချမ်းစွာချစ်ကြသင့်ပါတယ်။
ဘယ်လိုချစ်မလဲ နင်ပဲဆုံးဖြတ်ပါ။
စာလည်းတော်တော်ရှည်သွားပြီ။ငါအလုပ်တွေပြီးတာနဲ့ပြန်လာခဲ့ပါ့မယ်။ အစစအရာရာအဆင်ပြေပါစေ။see u နွေ။
မှ/
................................................
စာကို နောက်ညနေ၄နာရီတွင်ရောက်လာသော ရထားကြီးနှင့်အတူ ထည့်ပေးခဲ့သည်။ရထားကြီးသည် စကားလုံးများကို သူမဆီသို့သယ်ဆောင်သွားပါလိမ့်မယ်။တောင်ပေါ်မြို့ကလေး၏ ညနေသည် လွမ်းစရာကောင်းလောက်အောင် လှပနေခဲ့သည်။
ဆပ်ရိပ်
၉.၄.၂၀၁၉
Comments
Post a Comment