Conversation (D)
မနက်သုံးနာရီကျော်ပြီ။အခန်းထဲမှာ Queens ရဲ့ Love of my life သီချင်းသံကို ခပ်တိုးတိုးလေးဖွင့်ထားတယ်။ ပြတင်းပေါက်ဖွင့်ထားလို့ လေနည်းနည်းတိုက်လိုက်တိုင်း ဖတ်လတ်စစာအုပ်ရဲ့ အနားစလေးတွေ လှုပ်ခတ်လို့နေတယ်။ရုတ်တရက်ဖုန်းမြည်လာလို့ တိတ်ဆိတ်သံတွေ ရပ်သွားတယ်။ဘယ်သူဆက်လဲ စဉ်းစားနေစရာမလိုပါဘူး။ "မအိပ်သေးဘူးမှတ်လား"တဲ့။
......................................................................
"ရင်းနှီးပြီးသား လူတွေက သူစိမ်းတွေဖြစ်သွားနိုင်လားဟင်"
သူမရဲ့အသံက အိပ်ချင်နေတဲ့အသံမဟုတ်။ကြည်ကြည်လင်လင်နဲ့ ဖုန်းထဲကနေရောက်လာခဲ့တယ်။
"ဖြစ်ရင်လည်းဖြစ်နိင်တာပေါ့။ဖြစ်စရာ အကြောင်းပြချက်လုံလောက်ဖို့တော့လိုမယ်ထင်တယ်။ဘဝတိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက် စူဠသုဘဒ္ဒါလို မုန်းနိုင်ကြဖို့က ခက်ပါတယ်။အများဆုံးစိတ်နာကြရုံပေါ့။ သူစိမ်းပြန်ဖြစ်ဖို့က ပိုတောင်ခက်ဦးမယ်။တစ်ခါရင်းနှီးပြီးရင်
နင့်စိတ်ထဲမှာ နေရာတစ်နေရာပေးပြီးသွားပြီကွာ။
စိတ်နာတယ်ဆိုတာလည်း စိတ်ထဲမှာနေရာတစ်နေရာပေးထားလို့ပဲရယ်။တစ်ခါမှမတွေ့ဖူးတဲ့သူစိမ်းတွေအတွက် ဘယ်သူက နေရာပေးကြလို့လဲ "
"အင်းနော်"
ခဏစကားသံတိတ်သွားတယ်။ပြီးမှ သူမဆက်ပြောတယ်။
"လောကကြီးက ကြောက်စရာကြီးနော်။ကွဲရမယ်ဆိုရင်လည်း ဘာလို့တွေ့ခိုင်းနေသေးလဲ"
"အသက်ရှင်ခြင်းဆိုတာ ကိုယ်ချစ်ရတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာနေတာကို ဘာမှမတတ်နိုင်ပဲ ရပ်ကြည့်နေရသလိုပဲတဲ့။ငါ့အကြိုက်ဆုံးဇာတ်ကောင်တစ်ကောင်က ဝတ္ထုတစ်ပုဒ်မှာပြောခဲ့ဖူးတယ်။အဲ့အတိုင်းပဲ။အသက်တွေကြီးလာတာနဲ့အမျှ သေကွဲတွေ၊ရှင်ကွဲတွေ ကြုံရမှာပဲလေ။တစ်သက်လုံးအတူရှိခဲ့ပေးတဲ့ နင့်အချစ်ဆုံးသူလည်း နောက်ဆုံးတော့ ဘဝတစ်ပါးကနေ နင့်ကိုစောင့်နေမှာပဲ။သေချာပေါက်ခွဲကြရမှာကို ဘာလို့အမုန်းတရားတွေနဲ့ ခွဲချင်ကြလဲဆိုတာပဲ ငါနားမလည်တာ"
"ဆက်ပြောရရင် လောကကြီးကကြောက်စရာကောင်းတာ ဟုတ်ပါတယ်။ဒါပေမယ့် သူစိမ်းတွေကကြောက်ဖို့ပိုကောင်းတယ်။ ခုလိုခေတ်မကောင်းတဲ့အချိန်ဆိုပိုဆိုးပေါ့။ သူစိမ်းတွေထက် ပိုကြောက်ဖို့ကောင်းတာကတော့ သူစိမ်းယောင်ဆောင်ထားတဲ့သူစိမ်းတွေပဲ"
"သူစိမ်းယောင်ဆောင်ထားတဲ့သူစိမ်း?" သိပ်မရှင်းတဲ့အသံနဲ့ အမေးစကားကို သူမပြောတယ်။
"အင်း။သူစိမ်းမဟုတ်တဲ့သူစိမ်းတွေပေါ့။နင်မေးတဲ့ မေးခွန်းထဲက ရင်းနှီးပြီးသားလူတွေပေါ့။ သူစိမ်းမဟုတ်တဲ့သူစိမ်းတွေဟာ အလွတ်ရနေတဲ့ဖုန်းနံပါတ်လည်းဖြစ်နိုင်တယ်။
ဘယ်သူမှမရှိချိန်မှာ ပြောချင်တဲ့စကားလုံးတွေလည်းဖြစ်နိုင်တယ်။
အမြဲမှတ်မိနေတဲ့ မွေးနေ့dateတစ်ခုလည်းဖြစ်နိုင်တယ်။မွန်းကျပ်လာရင် ကူကယ်ရာမဲ့နဲ့ဆက်ပြီးငိုပစ်လိုက်ချင်စရာ ညတွေလည်းဖြစ်နိုင်တယ်။ လမ်းမှာပြန်တွေ့တဲ့အချိန်ကျ တစ်ဖက်ကိုလှည့်သွားတဲ့ မျက်နှာလေးလည်းဖြစ်နိုင်တယ်။သတိရတတ်လို့ ရှောင်ပြီးသွားရတဲ့လမ်းကလေးလည်းဖြစ်နိုင်တယ်။သူစိမ်းမဟုတ်တဲ့သူစိမ်းတွေမှာ ဖြစ်နိုင်တာတွေအများကြီးရှိတယ်။နှစ်ဦးနှစ်ဘက် ဘယ်လိုအဆုံးသတ်ကိုရွေးချယ်ခဲ့လဲဆိုတဲ့အပေါ်မူတည်ပြီး ဖြစ်နိုင်ချေတွေကွဲပြားသွားမှာပဲ"
"ဒါဆိုငါတို့လည်း ရုတ်တရက်ပြန်တွေ့ခဲ့ကြရင် နင်ငါ့ကိုဘာပြောမလဲ"
"အဆင်ပြေရဲ့လားပေါ့။အဆက်အသွယ်ပြတ်သွားတဲ့အချိန်တွေအားလုံးအတွက် အဲ့စကားလုံးနဲ့တင် လုံလောက်ပါတယ်။ဘယ်လောက်နွေးထွေးတဲ့စကားလုံးလဲ။ငါကြိုက်တဲ့ကဗျာဆရာ ကိုဏေသစ်ရဲ့ အချိုးဆိုတဲ့ကဗျာထဲကစာသားတွေကိုတောင် သတိရမိတယ်။ကိုယ်တို့တစ်သက်လုံး တစ်ယောက်ကိုတစ်ယောက်ပြန်တွေ့ရချင်မှတွေ့ရမယ်။ဒါမှမဟုတ် ပြန်တွေ့ရချင်လည်းပြန်တွေ့ရနိုင်တယ်။နှစ်ခုစလုံးက ထပ်တူထပ်မျှကြောက်စရာကောင်းပါတယ်တဲ့"
သူမ ဘာမှပြန်မပြောဘူး။ခဏနေမှ စကားသံပြန်ကြားရတယ်။
"ပတ်သတ်မှုတွေကုန်ပြီဆိုရင် မှတ်ဥာဏ်ကို တိကနဲဖြတ်လို့ရတဲ့ functionပါရင် ကောင်းမှာပဲနော်။ဘာပြသနာမှမရှိတော့ဘူး။"
"မှတ်ဥာဏ်က ငါတို့အသက်ငွေ့ငွေ့လေးကို ထိန်းထားပေးတဲ့ အရာတွေထဲကတစ်ခုပါ။မှတ်ဥာဏ်ကြောင့်ငါတို့ပျော်ရတယ်။မှတ်ဥာဏ်ကြောင့်ငါတို့ငိုရတယ်။ နေ့ရက်တိုင်းမှာ နင်လုပ်နေသမျှဟာ မှတ်ဥာဏ်gallery မှာသိမ်းတဲ့ ဓာတ်ပုံတွေပေါ့။ အကြောင်းအရာကြီးတော့လည်း ဓာတ်ပုံနဲ့မရတော့ပဲ ကျောက်တိုင်တစ်ခုလို မှတ်သားထားလိုက်ကြတာပါပဲ။ဆုတောင်းမမှားချင်ပါနဲ့"
"မျက်စိပြန်ဖွင့်လိုက်ချိန်မှာ ဘာဆုတောင်းမှပြည့်မနေတာက တကယ့်ဘဝပဲ နင်သိလား။မပြည့်တဲ့ဆုတောင်းဆိုတာ မမွေးလိုက်ရတဲ့အိမ်မွေးခွေးလေးတွေနဲ့တူတယ်။ မသေချာတဲ့ဘဝမှာ မှတ်ဥာဏ်ကိုဖျက်ပစ်ဖို့ဆုတောင်းမယ့်အစား သူစိမ်းတွေမဖြစ်ကြခင် ပိုချစ်နေကြဖို့ပဲသင့်ပါတယ်"
"အင်း။ကျေနပ်သွားပြီ။ ဒါနဲ့နင်မအိပ်သေးဘူးလား"
"အိပ်မပျော်လို့ပါ။ဘာပြောဦးမလို့လဲ"
"ဘာမှမပြောတော့ဘူး။နင်မအိပ်နဲ့တော့ ငါးနာရီဘုရားအရောက်လာခဲ့။ဒါပဲ"
ရုတ်တရက်သူဖုန်းချသွားလို့ ကျနော်ပြုံးပဲပြုံးနေလိုက်နိုင်တယ်။အပြင်ဘက်က သစ်ကိုင်းမှာ ငှက်တစ်ကောင်နားလို့နေတယ်။လမ်းမီးတိုင်တွေက ငြိမ်သက်စွာငိုက်မြည်းနေတယ်။ လတွေကြာပြီးမှ တစ်ခါတစ်လေ သတိတရနဲ့ဖုန်းဆက်တတ်တဲ့သူစိမ်းတစ်ယောက်ကို ကျနော်သတိရနေမိတယ်။
-ဆပ်ရိပ်
၅.၄.၂၀၁၉
Comments
Post a Comment