Conversation (C)
"ဘယ်အချိန်က တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးနှုတ်ဆက်ချိန်ဆိုတာ ငါတို့မသိနိုင်ကြဘူးနော် "
ကားမီးရောင်တွေကို ငေးရင်း သူမနှုတ်က ခပ်ဖြေးဖြေးဆိုတယ်။ကျနော်တို့ရောက်နေကြတာ လှည်းတန်းက လူကူးတံတားပေါ်မှာ။ ညနေကျော်ခဲ့ပြီဆိုတော့ တံတားပေါ်ကနေမြင်နေရတဲ့ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့သူတွေနဲ့။လမ်းပေါ်မှာ ကားအသွားအလာကျဲပါးစပြု ပြီ။လှည်းတန်းစင်တာအပေါ်မှာ လမင်းဟာ ကောင်းကင်ရဲ့ အလင်းရောင်နှုတ်ခမ်းပါးလိုမျိုး သေးသေးလေးရယ်။အိမ်ပြန်ချိန်ရောက်ခဲ့ပြီပဲ။
"ဘယ်အချိန်က တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးနှုတ်ဆက်ချိန်ဆိုတာ ငါတို့မသိနိုင်ကြဘူးနော် "
သူ့စကားကြားတော့
ကျနော့်စိတ်ထဲမှာ စွဲနေတဲ့စာကြောင်းကို အလိုက်သင့် ရွတ်ပြလိုက်မိတယ်။
"မနက်ဖန်ကို ကြို ပြီးမသိနိုင်တာ ဘုရားသခင်ရဲ့ ကရုဏာတော်ပဲတဲ့။ ပြဇာတ်တစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတာ"
"လူတွေ မနက်ဖန်ကို ကြိုသိနိုင်ကြရင် မကောင်းဘူးလား"
"မပြောတတ်ဖူး"
စိတ်ညစ်ညူးစွာနဲ့ ခေါင်းခါပြရင်း ကျနော်ပြောလိုက်တယ်။သူမေးသမျှကို မဖြေနိုင်တာ ကျနော်အားနာမိပါတယ်။ကျနော်က စာအုပ်နည်းနည်းပါးပါးဖတ်ပြီး သူမကိုချစ်မိနေတဲ့ ရိုးရိုးလူသားတစ်ယောက်ပါပဲ။google လည်းမဟုတ်၊ wikipedia လည်းမဟုတ်။
"ငါဖတ်ဖူးတာတစ်ခုပြောပြမယ်။နှုတ်ဆက်ခြင်းတွေနဲ့ပတ်သတ်လို့"
အေးစက်နေတဲ့စကားဝိုင်းကို လှုပ်နှိုးဖို့ ကျနော်ရည်ရွယ်ပြီးပြောလိုက်တယ်။
သူကတော့ ပြုံးပြီး ခေါင်းလေးငြိမ့်ပြတယ်။ဘာမှတော့နှုတ်ကမပြောဘူး။
"နှုတ်ဆက်ခြင်း လေးမျိုးရှိတယ်။ပထမတစ်ခုက သေကွဲတဲ့။ဒါကတော့ ငါတို့သေချာပေါက်ကြုံ ကြရမှာပဲ။နောက်တစ်ခုကတော့ ဘဝထဲက ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို ကိုယ့်ဘက်ကစပြီး ဖယ်ထုတ်တာ။ တတိယတစ်ခုကတော့ ပြန်တွေ့မတွေ့မသေချာတဲ့နှုတ်ဆက်ခြင်းမျိုး။ခရီးမှာခဏတဖြုတ်တွေ့တဲ့သူ၊ သင်တန်းတစ်ခုမှာ ခဏတဖြုတ်တွေ့ပြီး ရင်းနှီးတဲ့သူတွေကို နှုတ်ဆက်ရတာမျိုး။နောက်ဆုံးကတော့ see u later လို့ပြောပြီး နှုတ်ဆက်တဲ့ပုံမှန်နှုတ်ဆက်ခြင်းမျိုး။ နင်သိလား။အဲ့လေးခုလုံးက ငါတို့အတွက်ခက်ခဲတယ်ရယ်။"
"နင်ဆိုလိုချင်တာကို ငါသိပ်တော့နားမလည်သေးဘူး။"
"တကယ်တော့ နင်မေးလိုက်တဲ့ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ချိန်ကို မသိကြရဘူးဆိုတာ နံပါတ်သုံးနဲ့လေးမှာ အကြုံးဝင်တယ်လို့ပြောရမယ်။နံပါတ်တစ်ကိုတော့ ခဏထားပါ။"
ကျနော်ပဲ ဆက်ပြောနေလိုက်တယ်။ကားတွေကိုငေးနေပေမယ့် သူနားထောင်နေတာ သိသာပါတယ်။
"တကယ်တော့ နှုတ်ဆက်ခြင်းမှ မဟုတ်ပါဖူး။ငါတို့ဘဝမှာ ဘယ်အရာမှ မသေချာဘူးရယ်။မနက်ဖန်မနက် မျက်လုံးပွင့်လာမလာတောင် မသေချာဘူးမှတ်လား။ငါတို့က တစ်ခါတစ်လေ တစ်ချို့ကိစ္စတွေကို သေချာတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတတ်ကြတယ်။
ငါ့မှာရည်းစားတစ်ယောက်ရှိခဲ့တယ်။တစ်ရက်တော့ ငါတို့ date ကြတယ်။တစ်နေကုန်ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ငါတို့ဘယ်နေ့ပြန်တွေ့ကြမယ်။ငါဘယ်လောက်လွမ်းနေမယ်ဆိုတာကို ငါပြောခဲ့တယ်။ပြန်ခါနီးတော့ ငါသူ့ကိုဖက်ထားခဲ့တယ်။ပြီးတော့ နောက်မှတွေ့ကြမယ်လို့ပြောပြီး အိမ်ပြန်ခဲ့တယ်ပေါ့"
"ပြီးတော့" သူမက စကားထောက်ပေးတယ်။
"မတွေ့ကြတော့ဘူးလေ။ပြီးတော့ ငါတို့ကိစ္စတစ်ခုနဲ့လမ်းခွဲခဲ့ကြတယ်။ အဲ့ကျတော့မှသာ ငါတို့တွေ့ခဲ့တာ နောက်ဆုံးဆိုတာကို သတိထားမိတယ်။အဲ့နေ့ကို နောက်ဆုံးမှန်းသာသိခဲ့ရင် ငါပိုပိုပြီး ဂရုစိုက်ခဲ့မိမယ်ထင်တာပဲ။ဒါသူမှမဟုတ်ဖူး။တကယ်တမ်းသေချာစဉ်းစားကြည့်ရင် ပြန်တွေ့မယ်ထင်ပေမယ့် မတွေ့ဖြစ်ခဲ့ကြတဲ့သူတွေအများကြီးပဲ။
ဒါပေမယ့်ဒါလည်း စိတ်ကူးယဉ်မှုသက်သက်ပါ။ဒီလိုဖြစ်မယ်မှန်းသိခဲ့ရင်ဆိုတဲ့အတွေးဟာ တစ်ချို့အရာတွေကိုဆုံးရှုံးပြီးတိုင်း စိတ်ထဲမှာပေါ်လာတဲ့ ဝမ်းနည်းစရာအကောင်းဆုံးနောင်တတစ်မျိုးပဲ။ဘာမှပြန်လုပ်လို့မရတော့ဘူး။"
ခဏနားပြီး ကျနော်ဆက်ပြောတယ်။သူမကတော့ ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးခိုးငွေ့တွေကို ရန်ကုန်-အင်းစိန်လမ်းပေါ်ကို မှုတ်ထုတ်လို့နေတယ်။
"သူငယ်ချင်းတစ်ယောက်အကြောင်းပြောပြမယ်။အဲ့ကောင်နဲ့ငါနဲ့က တော်တော်ခင်ခဲ့ကြတာ။သူက စာရှင်းပြတယ်။ပုံဆွဲလည်းကောင်းတယ်။သူဆွဲထားတဲ့ပုံတွေ ငါ့ကိုပေးတတ်တယ်။ညနေဆို ဘောလုံးအတူကန်ဖို့ ငါသူ့ကိုသွားသွားခေါ်ရတယ်။သူက တော်တော်လည်းအနေအေးတယ်။စိတ်ဆိုးတယ်ဆိုတာတောင် မတွေ့ဖူးဘူး။
တစ်ညနေတော့ မိုးတွေအရမ်းရွာနေတုန်း။ငါသူ့ကိုသွားခေါ်တယ်။ ငါတို့ဘောလုံးကန်ကြတယ်ပေါ့။ အဲ့နေ့က သူကဘာဖြစ်နေတယ်မသိ။အိမ်စောပြန်ဖို့ပဲပြောနေတယ်။ ဘောလုံးကလည်း ရှုံးနေတယ်။ကစားမက်တဲ့ငါလည်း ဒေါသထွက်လာတယ်ထင်ပါတယ်။ အဲ့အချိန်က မိုးကသည်းကြီးမည်းကြီးရွာနေတာ။ငါသူ့ကို အကြောင်းပြချက်မရှိပဲ အော်နေခဲ့တယ်။ဒေါသနဲ့ပဲ။ဘာတွေစောက်ဂကြောင်လာဖတ်နေတာလဲ။ မင်းစောက်ရမ်းပြန်ချင်နေရင် ပြန်လိုက်။နောက်မင်းကိုလာမခေါ်ဘူးလို့ ငါပြောလိုက်မိတယ်။ငါကအဲ့လိုပဲ။မလိုအပ်ပဲ ထထလုပ်တဲ့ငါ့ရဲ့စောက်တလွဲလုပ်ရပ်တွေကို ငါပြန်စဉ်းစားတိုင်း မယုံနိုင်ဘူးရယ်။
သူကတော့ အေးတယ့်သူဆိုတော့ ဘာမှပြန်မပြောပါဘူး။ပြုံးနေတယ်တောင်ထင်တယ်။စိတ်မကောင်းလို့ မချိပြုံးပြုံးနေသလားပဲ။။အဲ့နေ့က သူ့ဘာသာပဲ မိုးရေထဲမှာ လမ်းလျှောက်ပြန်သွားတဲ့ သူ့ကျောပြင်ကို ငါမြင်ခဲ့ရတယ်။ပြီးတော့ ငါ့စကားအတိုင်းပဲ။ငါသူ့ကိုထပ်သွားမခေါ်ရတော့ဘူး။"
"ဘာဖြစ်လို့? သူစိတ်ဆိုးသွားတာလား" မျက်လုံးအဝိုင်းသားနဲ့ ကျနော့်ကိုကြည့်ရင်း မေးတယ်။
"သူသေသွားခဲ့တာ။ဆယ်တန်းစာမေးပွဲဖြေခါနီးအချိန် သူယာဉ်တိုက်ခံရပြီးကွယ်လွန်ခဲ့ရှာတယ်။ ဟိုညနေပြီးတော့ ကြားထဲမှာ ငါတို့ကျောင်းမှာပြန်တွေ့ခဲ့ကြပါသေးတယ်။သူကငါ့ကိုဘယ်လိုမှမမြင်ပါဘူး။စတုန်းနောက်တုန်းပဲ။
သူသေသွားတဲ့နေ့က ငါလုံးဝမယုံနိုင်ဘူး။ငါအိပ်မက်ဖြစ်ပါစေပဲဆုတောင်းနေတာ။နောက်ဆုံးသူ့ကိုအသုဘပို့ရမှပဲလက်ခံလိုက်ရတော့တယ်။ငါသူ့အလောင်းကိုကြည့်ပြီး ငါတောင်းပန်တယ်ဆိုတာကိုစိတ်ထဲကပြောခဲ့ပါတယ်။
ပြီးတော့ အဲ့ကနေစပြီး ငါသူ့ကိုမအော်ခဲ့မိရင် ငါတို့ဒီထက်ပိုပြီးချစ်ချစ်ခင်ခင်နဲ့ နှုတ်ဆက်ရမှာဆိုတဲ့ အတွေးဟာ သတိရတိုင်း ငါ့ကိုနှိပ်စက်နေတတ်တယ်။နှုတ်ဆက်ခြင်းရဲ့ အဆိုးရွားဆုံးအပိုင်းပေါ့။နောင်တတစ်ဖက်နဲ့ ဘာမှပြန်လုပ်လို့မရတဲ့ အမှားတွေ
ငါတရားသမားတော့မဟုတ်ပါဘူး။ဒါပေမယ့် ငါသိတာကတော့ မသေချာတဲ့ဘဝမယ်
ငါတို့ချစ်တဲ့ခင်တဲ့သူတွေကို ရန်တွေ၊အာဃာတတွေ တတ်နိုင်သလောက်ရှောင်သင့်တယ်ထင်တာပဲရယ်။တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့စိတ်မှာ အမုန်းတရားတွေက နောင်တအနေနဲ့မကျန်ခဲ့စေချင်ဘူး။"
"နင်သိလား။
ဘဝတိုတိုလေးမှာ ငါတို့ချစ်ရတဲ့သူတွေကို ငါတို့ချစ်နိုင်တာထက်ပိုချစ်သင့််တယ်။နှုတ်ဆက်ခြင်းနဲ့ခွဲခွာခြင်းဟာ သေခြင်းထက်အရင်ရောက်လာနိုင်တဲ့ ရင်ကွဲနာတွေပဲ။
သူမက ကျနော့်စကားကိုလိုက်ရွတ်တယ်။အသံကတိုးတိုးလျလျ။
"ဘဝတိုတိုလေးမှာ ငါတို့ချစ်ရတဲ့သူတွေကို ငါတို့ချစ်နိုင်တာထက်ပိုချစ်သင့််တယ်။အင်း..."
"အင်း။ခုတော့ အိမ်ပြန်ကြရအောင်။ငါလိုက်ပို့မယ်လေ"
သူမကခေါင်းငြိမ့်တယ်။လှည်းတန်းမီးပွိုင့်မှာ မီးအစိမ်းရောင်။
မှတ်တိုင်မှာလူတွေနည်းနည်း။လမ်းမပေါ်ကားတွေကျဲပါးခဲ့ပြီ။လှည်းတန်းစင်တာပေါ်က လရောင်ဟာ ပိုလင်းလို့နေတယ်။
You never know when the last bye is.Be sure u loved them.
-ဆပ်ရိပ်
၂၇.၃.၁၉
Comments
Post a Comment