Brooks was here
Brooks ဆိုတဲ့ အဘိုးကြီးတစ်ယောက်ရှိပါတယ်။ သူဟာ လူငယ်ဘဝမှာ ပြစ်မှုကြီးတစ်ခုကျူးလွန်ပြီး ထောင်ထဲမှာ တစ်သက်လုံးနီးပါး နေထိုင်ခဲ့ရတယ်။ ထောင်စာကြည့်တိုက်မှာ သူတတ်နိုင်သလောက်အလုပ်လုပ်တယ်။ ငှက်ကလေးတစ်ကောင်မွေးတယ်။ ထောင်ထဲကိုရောက်လာတဲ့လူသစ်တွေနဲ့ ပလဲနံသင့်အောင်နေတယ်။ ဘဝတစ်လျှောက်လုံး ထောင်နံရံတွေဆီက အရိပ်တွေနဲ့ပဲ သူ့အမြင်အာရုံတွေ ရင်းနှီးခဲ့တယ်။
တစ်နေ့တော့ ပြစ်ဒဏ်ပြည့်သွားတဲ့သူ့ကို ထောင်ကလွှတ်ဖို့ဖြစ်လာတယ်။ သူ့ပါးရေနားရေတွေ တွန့်ခဲ့ပြီ။ လမ်းလျှောက်ရင် တုန်တုန်ချိချိနဲ့ ထောင်ဟာ သူ့သက်တမ်းရဲ့ အချိန်အားလုံးနီးပါးကို ဝါးမြိုခဲ့ပြီးပြီ။ ထောင်ကလွတ်မယ့်နေ့မှာတော့ သူဟာ အိပ်ယာဘေးက လှောင်ချိုင့်ကိုဖွင့်တယ်။ သူမွေးထားတဲ့ငှက်ကလေးကို လွှတ်တယ်။ ငှက်ကလေးဟာ လွတ်လပ်တဲ့ကမ္ဘာနဲ့ အသားမကျစွာနဲ့ ဖြည်းဖြည်းချင်းပျံထွက်သွားခဲ့တယ်။ အဲ့ဒီနောက်တော့ သူကိုယ်တိုင်လည်း ထောင်တံခါးကနေ ထွက်တယ်။ သူနှစ်ပေါင်းများစွာရင်းနှီးခဲ့ရတဲ့ အုတ်နံရံအမြင့်ကြီးတွေဆီကို သူပြန်ငေးကြည့်တယ်။ အပြင်ကမ္ဘာမှာတော့ သူတစ်ယောက်တည်း။ သူ့ခြေလှမ်းတွေ လေးလံလို့နေတယ်။
အပြင်ကမ္ဘာဟာ သူ့အတွက်ကြောက်မက်ဖွယ်ရာပဲ။ သူမသိတဲ့လူတွေနဲ့ သူနားမလည်တဲ့အရာဝတ္ထုတွေဟာ လမ်းပေါ်မှာရွှေ့လျားသွားလာနေတယ်။ သူနားမလည်တဲ့အလုပ်တွေကို ဝမ်းစာအတွက် သူရုန်းကန်လုပ်ကိုင်နေရတယ်။ သူ့ကိုမကြည်တဲ့မျက်ဝန်းတွေကို သူကြောက်လာတယ်။ အစိုးရက ပေးထားတဲ့ရိပ်သာအခန်းလေးကလည်း ထောင်စာကြည့်တိုက်လောက် မနွေးထွေးဘူး။ နောက်ဆုံးတော့ သူဟာ ကြိုးတစ်ချောင်းရှာတယ်။ သစ်သားထုတ်တန်းမှာ မြဲနေအောင်ချည်တယ်။ ကြောက်စရာအပြင်ကမ္ဘာကနေ လွတ်မြောက်ဖို့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်။ မသေခင် ထုတ်တန်းပေါ်မှာ "Brooks was here" ဆိုတဲ့စာကို သူရေးခဲ့တယ်။ သူစာလုံးတွေခြစ်လိုက်တိုင်း ထုတ်တုန်းက သစ်သားမှုန်တွေဟာ ကြမ်းပြင်ပေါ် ပြန့်ကျဲခဲ့ကြတယ်။ "Brooks was here" ။ Brooks ဆိုတဲ့အဘိုးကြီးတစ်ယောက် ဒီကမ္ဘာပေါ်က ဒီနေရာလေးမှာ အသက်ရှင်သန်ခဲ့ဖူးတယ်ကွာ။ ခုတော့အဆုံးသတ်သွားခဲ့ပြီပေါ့။
ဒီအကြောင်းတွေဟာ ကျနော့်အကြိုက်ဆုံးရုပ်ရှင်များထဲက တစ်ခုဖြစ်တဲ့ Shawshank Redemption ထဲက ဇာတ်ဝင်ခန်းတစ်ခုပါ။ တစ်ရက်က page တစ်ခုကနေ အဲ့အပိုင်းလေးကို ပြန်ကြည့်မိပါတယ်။ Brooks was here ဆိုတဲ့စကားလုံးတွေနဲ့ လေထဲမှာပြန့်သွားတဲ့ သစ်သားမှုန့်တွေရဲ့ရုပ်ပုံတွေဟာ ကျနော့်အာရုံထဲမှာ စွဲထင်နေခဲ့တယ်။ ကျနော်ပြောချင်တာက ထောင်တွေနဲ့ လူတွေအကြောင်းမဟုတ်ပါဘူး။ Brooks ဟာ ကမ္ဘာပေါ်မှာ သူအသက်ရှင်သန်ခဲ့ဖူးကြောင်း သတိရနေဖို့ ထုတ်တန်းပေါ်က စကားလုံးတွေနဲ့အသိပေးခဲ့ရတဲ့အကြောင်းပဲ။ ဒါဟာ သူ့ရဲ့နောက်ဆုံးအသက်ရှူသံလည်းဖြစ်တယ်။ ကမ္ဘာကြီးအတွက် သူ့ရဲ့ ခြေရာလက်ရာတစ်ခုလည်းဖြစ်ခဲ့တယ်။
ဂျပန်စာရေးဆရာ မူရာကာမိရဲ့ နော်ဝေဂျီယန်ဝုဒ်ဝတ္ထုထဲမှာလည်း နာအိုကိုဟာ တိုရုဝါတာနာဘီကို နာအိုကိုဆိုတဲ့ လူတစ်ယောက် ကမ္ဘာပေါ်မှာရှင်သန်ခဲ့ဖူးကြောင်း သတိရနေစေဖို့ ပြောခဲ့တယ်။ စပြောကာစမှာတေ့ာ နာအိုကိုရဲ့စကားတွေကို သူနားမလည်ဘူး။ အချိန်တစ်ခုအပြီး သူ့အသက်တွေကြီးရင့်လာချိန်မှာတော့ နာအိုကိုရဲ့ ရုပ်ပုံကို သ့ူအာရုံက ပုံဖော်ဖို့ခက်ခဲလာခြင်းတွေ၊ ဘယ်တော့မှမကြားရတော့မယ့် နာအိုကိုရဲ့ အသံကို မမှတ်မိတေ့ာခြင်းတွေ၊ အရာအားလုံးကိုမှတ်မိဖို့ ခါတိုင်းထက်ကြိုးစားနေရတာတွေနဲ့ နာအိုကိုပြောခဲ့တဲ့စကားကို သူနားလည်စပြုခဲ့တယ်။
"I'll not be forgetten" ဆိုတဲ့ စကားလုံးကို သူငယ်ချင်းတစ်ယောက်က သူ့ bio မှာရေးထားခဲ့ဖူးတယ်။ ငါဟာ အမေ့လျော့ခံဖြစ်မှာမဟုတ်ဘူး။ ငါ့ကိုသတိတရရှိနေရမယ်ပေါ့။ ဘယ်လောက်ပဲ ပတ်ဝန်းကျင်ကို စောက်ဖက်မလုပ်ပါဘူးပြောပြော လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ကိုနည်းနည်းလေးဖြစ်ဖြစ် သတိရစေချင်တဲ့စိတ်လေးတော့ အနည်းနဲ့အများရှိကြမှာပါပဲ။ အရာအားလုံးပျက်သုန်းခဲ့တဲ့အခါ တစ်ယောက်ယောက်ဆီက ကျနော်တို့အပေါ်သတိရနေတဲ့ မှတ်ဉာဏ်တွေကသာ ကမ္ဘာပေါ်မှာ ကျနော်တို့ရှင်သန်ခဲ့ဖူးကြောင်း ခြေရာလက်ရာလေးတစ်ခုအနေနဲ့ ကျန်ခဲ့မယ်လို့ ကျနော်ထင်တယ်။ မှတ်ဉာဏ်နံရံတွေထဲက ကမ္ဘာတစ်ခုမှာ ကျနော်တို့ဟာ သူတို့မြင်ချင်တဲ့ ပုံရိပ်တစ်ခုအနေနဲ့ပဲ ရှင်သန်နေတော့မယ်။ သူတို့ဘယ်လိုနည်းနဲ့ ကျနော်တို့ကို မှတ်မိနေကြမလဲ။ ကျနော်တို့ကရော ကျနော်တို့အပေါ် ဘယ်လိုသတိရနေစေချင်လဲ။ ဒီနေရာမှာ သတိတရရှိနေစေဖို့ ကောင်းမွန်တဲ့လုပ်ရပ်တွေလုပ်ပါလို့ ကျနော်က သူတော်ကောင်းကျမ်းပေးချင်တာမဟုတ်ပါဘူး။ မှတ်ဉာဏ်ရဲ့ ဝေဝါးပျောက်ကွယ်လွယ်မှုကို ပြောပြချင်ရုံပါပဲ။
Brooks was here လို့ အဘိုးကြီးတစ်ယောက်က ချရေးနေတဲ့မြင်ကွင်းကို ကျနော်ထပ်ကြည့်မိနေပြန်ပါပြီ။ တစ်ယောက်ယောက်က သတိရနေပေးဖို့ နောက်ဆုံးအချိန်မှာ ကြိုးစားခဲ့တာဟာ ကြောက်စရာအားငယ်မှုမျိုးပါပဲ။ Brooks ကတော့ ဒီနေရာမှာရှိနေခဲ့ပါတယ်တဲ့။ ကျနော်တို့ကိုရော တစ်ယောက်ယောက်ကသတိတရရှိနေတာ သေချာရဲ့လား။ ကျနော်တော့ ခုထိမသေချာသေးပါဘူး။
-ဆပ်ရိပ်
၂၄.၉.၂၀၁၉
Comments
Post a Comment