အိမ်မဟုတ်တဲ့အိမ်တွေ၊ ကလေးဘဝမဟုတ်တဲ့ကလေးဘဝတွေ



"ကျနော် နက်ဖန်အိမ်ပြန်တော့မှာ" 

အဲ့လိုပြောပြီးတော့ သူကပြုံးတယ်။ သူဆိုတာ ကျနော်တို့ထိုင်နေကျ လက်ဖက်ရည်ဆိုင်က စားပွဲထိုးကလေးတစ်ယောက်ပါ။

စားပွဲထိုးကလေးတွေနဲ့ ပတ်သတ်လာရင် ကျနော့်မှာ သူတို့မိဘတွေကို အလိုလိုအော်ဂလီဆန်မိတဲ့စိတ်ရှိတယ်။ အကြောင်းက ကျနော်ကြုံဖူးတဲ့ သူတို့နောက်ခံဇာတ်လမ်းတွေကြောင့်ပဲ။ ကျနော်တို့နားမှာ ရင်းနှီးတဲ့လက်ဖက်ရည်တစ်ဆိုင်ရှိတော့ ဆိုင်ရှင်ကနေတဆင့် သူတို့အကြောင်းတွေကြားဖူးနေတာဆိုပါတော့။

စားပွဲထိုးကလေးတွေအများစုက မိသားစုအနေနဲ့ တော်တော်အဆင်မပြေလွန်းလို့ ၊နောက်တစ်မျိုးပြောရရင် မိဘတွေစောက်သုံးမကျလွန်းတဲ့မိသားစုကနေ လာကြတာ။ ကျနော်သိတဲ့တစ်ယောက်ဆိုရင် သူ့အမေက သူ့ကို တစ်လသုံးသောင်းနဲ့ နနှစ်စာကြိုထုတ်ပြီး နောက်နနှစ်လုံးပေါ်မလာတော့တဲ့ထိပဲ။ ပြီးရင် မိဘမေတ္တာ၊ အနန္တဂိုဏ်းဝင်ဆိုတဲ့စကားတွေကို မတန်တရာသုံးကြဦးမယ်။ ကလေးဘဝမှာ ဘယ်သူမဆို ကစားချင်၊ ကျောင်းတက်ချင်၊ လွတ်လွတ်လပ်လပ်နေချင်ကြမှာပဲရယ်။ ဆိုင်တွေအနေနဲ့ကလည်း ပေးရတဲ့လခသက်သာလို့ သုံးနေကြတာပဲ။ 

တစ်ချို့ကလေးတွေဆို အရမ်းငယ်လွန်းလို့ ရေနွေးပူလောင်တာ၊ ပူလို့ငိုနေတာကို ဆိုင်ကလူတွေက ဝိုင်းရီကြတာတွေရှိတယ်။ ဒီအကြောင်းအရာမျိုးတွေက မကြားချင်မှအဆုံးပဲ။  ကလေးတွေအတွက်ကလည်း အိမ်မှာထက်တော့ ထမင်းစားရတယ်ဆိုတာမျိုးကြားဖူးတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးမှာ နွေးထွေးတဲ့အိမ်ကလေးရှိသင့်တယ်မှတ်လား။ အထူးသဖြ့င် ဒီကလေးတွေက ဒီလမ်းကိုရွေးခဲ့တာမဟုတ်။ စောက်သုံးမကျတဲ့ မိဘတွေရဲ့ ကျွန်ဖြစ်ဖို့ မွေးလာကြရတာ။ လွန်ခဲ့တဲ့နှစ်တွေက ကလေးတွေရထိုက်တဲ့ အခွင့်အရေးတွေအကြောင်း Child's Rights သင်တန်းတစ်ခုတက်ခဲ့ဖူးတယ်။ ဒါပေမယ့် ဆိုင်ရောက်ရင် ကောင်းကောင်းဆက်ဆံတာကလွဲလို့  သူတို့ကိုဘာမှမကူညီနိုင်သေးဘူး။

ဆက်ပြောရရင် အိမ်ပြန်တော့မယ်ဆိုတဲ့ စားပွဲထိုးကောင်လေးက ၅တန်း ၆တန်းအရွယ်။ ဒီကောင့်ကို သတိထားမိနေတာက သူ့မျက်တွင်းတွေက အရမ်းချောင်ကျလွန်းလို့ရယ်။ သိတဲ့အတိုင်း လက်ဖက်ရည်ဆိုင်အလုပ်က မနက်အစောကြီးထ ၊ ညနောက်ကျမှအိပ်၊ ရောင်းကောင်းတဲ့ဆိုင်ဆိုတနေကုန်ထိုင်ရတယ်မရှိ အလုပ်လုပ်ရတာမျိူး။ ဘောလုံးပွဲရှိတဲ့ညဆို ဒီကောင်တွေ  နားရပါတော့မလားတောင်မသိ။ 

အဲ့ကောင်လေးကတော့ မျက်ကွင်းတွေညိုပြီး သူများတွေထက် ပင်ပန်းတဲ့ပုံကိုပေါက်နေတာ တော်တော်သိသာတယ် ။ သူ့မျက်နှာကိုတွေ့တိုင်း အဆင်မှပြေရဲ့လားလို့ တွေးမိတယ်။ ခုတော့သူက နက်ဖန် အိမ်အပြီးပြန်တော့မယ်တဲ့ ။အိမ်က ဘယ်မှာလဲဆိုတော့ ငါးသိုင်းချောင်းဘက်က ကားနှစ်ဆင့်စီးရတယ်တဲ့။ အိမ်ပြန်ဖို့ သူတကယ်ပျေ်ာနေခဲ့တာ။

သူထွက်သွားတေ့ာ ကျနော် မိသားစုဆိုတဲ့အရာအကြောင်း ဖျတ်ခနဲစဉ်းစားလိုက်မိတယ်။ သူပြန်ရမယ့်အိမ်ဆိုတဲ့နေရာက ကလေးတစ်ယောက်အတွက် ပျော်ရွှင်မှုရယ်လို့ လောက်လောက်လားလားရှိနေမှာမဟုတ်ဘူးရယ်။ ဒါပေမယ့်လည်း အိမ်မဟုတ်တဲ့နေရာမှာ သူမပျော်ဘူး။ အဆင်မပြေတဲ့အိမ်ကမှ သူ့အတွက် အဆင်ပြေနေသေးတယ်။ ဘဝက ချပေးတဲ့ ဇာတ်တွေက နာလွန်းလှတယ်။ ရွေးစရာတော့ပေးထားပါရဲ့။ နည်းနည်းလေးဆိုးတာကိုပဲ ရွေးရတဲ့အဖြစ်မျိူးတွေပဲ။ 

ဘဝမှာ အဆင်မပြေတာတစ်ခုခုရှိလာရင် အဆင်မပြေတဲ့နှစ်ခုထဲက နည်းနည်းပြေတယ်လို့ခံစားရတာကိုပဲ ရွေးခွင့်ရတဲ့ သူတို့မျက်နှာတွေကို မြင်စေချင်တယ်။ ဆန္ဒရှိခဲ့ရင် ကျနော်တို့အသက်ကြီးလာတဲ့အခါ ဖြည့်ရမယ့်ကွက်လပ်တွေအများကြီး။ တစ်ချို့ဘဝတွေအတွက် အိပ်မက်တွေက ဈေးကြီးတာမဟုတ်ပဲ ဈေးမေးခွင့်ကိုမရတာမျိုးပါပဲ။ သူအသက်ကြီးတဲ့တစ်နေ့တော့ အိမ်နဲ့တူတဲ့အိမ်၊ မိသားစုနဲ့တူတဲ့ မိသားစုလေးရပါစေလို့ ကျနော်ဆုတောင်းနေခဲ့မိတယ်။

-ဆပ်ရိပ်
၂၉.၉.၁၉


Comments