အိမ်


တစ်ခါက အဖေ့ဆီကို ကျနော်ဖုန်းဆက်ပါတယ်။ ကျနော်က အဆောင်ကျောင်းသားဆိုတော့ ကျောင်းတက်ရက်တွေဆို အိမ်မှာမနေရဘူး။ ဆိုပေမယ့် ကိစ္စမရှိပဲလည်း အိမ်ကိုဖုန်းမဆက်ဖြစ်ဘူး။ ဘာသတင်းမှမကြားရတာဟာ သတင်းကောင်းပဲလို့ ကျနော်တို့လက်ခံထားကြပြီးသား။ ဒါပေမယ့် အဲ့ညက ဖုန်းဆက်ရတဲ့အကြောင်းကတော့ ကျနော်ဖျားနေခဲ့လို့ပါပဲ။

ဖုန်းဆက်တဲ့အခါ ကိုယ်ပူရှိန်ကြောင့် နားနဲ့ထိနေတဲ့ ဖုန်းမျက်နှာပြင်က ပုံမှန်ထက်ကိုပူနေတာကို သတိထားမိတယ်။ ခြေဆစ်လက်ဆစ်တွေကိုက်ခဲနာကျင်လို့။ ဖုန်းဝင်နေတဲ့ တီ တီ ဆိုတဲ့အသံကလည်း နားထဲမှာ ဆူညံလို့နေတယ်။ ခဏကြာတော့ အဖေဖုန်းကိုင်ပါတယ်။ သ့ူထုံးစံအတိုင်း တိုတိုရှင်းရှင်းပဲ "အေး ပြော" တဲ့။ ကိစ္စရှိလို့ ဖုန်းဆက်မှန်း သူသိပြီးသားပါ။

ဒါပေမယ့် ကျနော်လည်း လည်ချောင်းယားနေတာမို့ ချက်ချင်းစကားပြန်မပြောနိုင်ပဲ ချောင်းဆိုးနေရသေးတယ်။ ခဏနေမှ "အဖေ သားနေမကောင်းဘူး" လို့ ပြောလိုက်တယ်။ တစ်ခုရှိတာက ကျနော်အဖေ့ဆီ ဖုန်းဆက်ရခြင်းဟာ ရည်ရွယ်ချက်ရယ်လိ့ု သက်သက်မရှိဘူးရယ်။ ရှိတယ်ဆိုရင်လည်း နံပါတ်တစ်က ကျနော်နေမကောင်းတာ သိစေချင်လိ့ု ၊ နံပါတ်နှစ်က ဘာလုပ်သင့်လဲ (ဆေးခန်းသွားမလား၊ ဘာဆေးတွေသောက်ရမလဲ) မေးဖို့ ဒါလောက်ပါပဲ။ ဒါပေမယ့် ကျနော်မမျှော်လင့်ထားတဲ့ အဖေ့စကားကို ဖုန်းသံကတဆင့်ကြားလိုက်ရပါတယ်။

"အေး ဒါဆို အိမ်ပြန်ခဲ့လေ" တဲ့။ အဲ့ခဏအတွင်းမှာ ကျနော့်စိတ်ဟာ သိသိသာသာ နွေးထွေးသွားပါတယ်။ ဖုန်းချပြီးတဲ့နောက် အိမ်ပြန်ဖို့အကြောင်းကိုပဲ စိတ်ရောက်နေမိတယ်။ ဖျားနာမှုခြင်းအတူတူ အိမ်မှာပဲ ဖျားနာချင်မိတယ်။ တသက်လုံးအိပ်ခဲ့တဲ့ အိပ်ရာရဲ့ ရင်းနှီးပြီးသားအငွေ့အသက်တွေနဲ့ပဲ ကိုယ်ပူချင်တယ်။ ငယ်ငယ်က ဖျားတဲ့အခါ ကုန်းပိုးပြီးဆေးခန်းခေါ်သွားတတ်တဲ့ အဖေ့မျက်နှာကို ရုတ်တရက်တွေ့ချင်လာတယ်။ နောက်နေ့မနက်မှာတော့ ကျနော်အိမ်ပြန်ရောက်ခဲ့တယ်။ နောက်ပိုင်းကာလတွေမှာလည်း နေမကောင်းဘူးဆိုရင် အဖေကျနော်အိမ်ပြန်ခဲ့မယ်ဆိုတဲ့စကားနဲ့ပဲ ကျနော့်ဖျားနာခြင်းကို အဆုံးသတ်လေ့ရှိပါတယ်။ အဲ့စကားလုံးကိုလည်း ကျနော်မမေ့တော့ပါဘူး။ နောက်များ ကျနော်ဟာ တဦးတယောက်အတွက် အိမ်ဖြစ်လာခဲ့ရင် သူတခုခုနာကျင်ကိုက်ခဲနေတဲ့အခါ အိမ်ကိုပဲ ပြန်လာခိုင်းမိမှာပါ။

ဆရာအောင်ခင်မြင့်ရဲ့ မီးခိုးဗေဒစာအုပ်ထဲမှာတော့ အိမ်ဟာ နေရာဒေသမဟုတ်ပဲ လူပုဂိ္ဂုလ်တစ်ဦးတစ်ယောက်လည်းဖြစ်နေနိုင်တယ်လိ့ု ဖတ်ခဲ့ဖူးပါတယ်။ အဲ့စာကိုဖတ်ပြီးတဲ့နောက် အိမ်ဆိုတာဟာ အမိုးအကာတွေနဲ့ တည်ဆောက်ထားတဲ့ ဒြပ်ဝတ္ထုကြီးမဟုတ်ဘူးလို့ ခံစားမိလာတယ်။  အိမ်ဟာ မိသားစုတစု၊ လူပုဂ္ဂိုလ်တယောက်ပါ။ ဒီအရာတွေသာမရှိတော့ရင် အိမ်ဟာ  မနွေးထွေးခြင်းနဲ့ သူစိမ်းဆန်ခြင်းတွေ ပြည့်နေမယ့် သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတစ်ခုပါပဲ။ အိမ်ဟာ နှလုံးသားကိုနွေးထွေးအောင်ထားနိုင်တဲ့ စောင်တစ်ထည်ဖြစ်ပါတယ်။

ဘဝက တိုပါတယ်။ လှည့်ကြည့်လိုက်တဲ့အခါ နေ့တွေညတွေ ဖျက်ခနဲ။ အတိတ်ဟာ ကြယ်ကြွေသွားသလို မျက်စိတမှိတ်အတွင်း နောက်မှာကျန်ရစ်ခဲ့ပြီ။ အတိတ်ဟာ ပြန်လည်ငေးမောတဲ့အခါ လွမ်းမောဖွယ်ရာ လှပနေမှာပဲ။ ကျနော်တို့ဘဝထဲက အိမ်တွေပြိုပျက်ကြတဲ့အခါ ကျနော်တို့ခံနိုင်ရည်ရှိကြပါ့မလား။ ဘဝက အပူတွေများလှတယ်။ တကယ်အေးချမ်းတယ်ဆိုတဲ့နေရာ သိပ်များများစားစားမရှိဘူး။ မိသားစုထမင်းစားခန်းမှာ တစ်ယောက်တည်းညစာစားနေရတဲ့အချိန်တွေဆီကို ကျနော်တို့ရောက်ရှိလာကြဦးမှာ။ အသက် ၈၀အရွယ် ကျနော့်ဆရာတစ်ယောက်ဟာ သူ့အမျိုးသမီးဆုံးပါးပြီးပြီးချင်း သူ့ဆီရောက်သွားတော့ ငါ့ကမ္ဘာပြိုပြီကွလို့ပြောရင်း ကျနော့်ကိုဖက်ပြီးငိုရှာပါတယ်။ ချစ်ခြင်းမေတ္တာဟာ အိမ်လည်းဆန်ခဲ့တယ်။ ကမ္ဘာလည်း ဆန်ခဲ့တယ်။ ကဗျာလည်းဆန်ခဲ့တယ်မှတ်လား။

ကျနော်ဘာပြောရဦးမလဲ။ ဒီဘဝသေးသေးလေးထဲက အိမ်တွေကို ချစ်မြတ်နိုးပါ။ ဖျားနာတဲ့အခါ အမိုးအောက်မှာ နွေးထွေးစွာအနားယူပါ ။ သေသွားတဲ့အခါ ဘဝတပါးမှာ ကျနော်တို့ပြန်ဆုံကြဦးမယ်လို့ ဘယ်သူများ အာမခံမလဲ။ဒါပါပဲ။

-ဆပ်ရိပ်
၂၉.၈.၁၉


Comments