၉၀ ခုနှစ်တွေဆီ



ပြန်မရတော့မယ့်အချိန်တွေကိုမှ သတိရနေတတ်သူတွေရဲ့ ရင်ထဲမှာ အတိတ်နာကျရောဂါဆိုတာရှိပါတယ်။ ရောဂါပြင်းလာတဲ့အခါ အရင်အချိန်တွေဆီ တစ်ကိုယ်တည်းသွားတယ် ။ စိတ်ဝိညာဉ်ဟာ သစ်ရွက်ဝါတွေ ပျံ့ကြဲနေတဲ့ အုတ်လှေကားအတိုင်း အတိတ်ဆီရောက်သွားတယ်။ ဟိုးအဝေးက တယောသံတွေဟာ တစ်စုံတစ်ဦးက ကိုယ်တို့ကိုလှမ်းခေါ်နေသလိုမျိုး ကာလတွေကိုဖြတ်သန်းပြီး ရောက်ရှိလာခဲ့တယ်။ အရာအားလုံးကို အိပ်မက်သဏ္ဍာန်မြင်တွေ့နေနိုင်ရင်တောင် ဘယ်အရာကိုမှ ထိတွေ့လို့မရ။ အလွမ်းဟာ ဆောင်းရာသီမြူတွေလို ဝေဝါးအေးမြနေပြန်တယ်။ ဒီတစ်ခါသတိရရဲ့လားလို့ ကိုယ့်ကိုမေးလာခဲ့သူဟာ လူတစ်ဦးတစ်ယောက်မဟုတ်တော့ဘူး။ ၉၀ခုနှစ်တွေကိုယ်တိုင်ပဲ။ သက္ကရာဇ်ဟောင်းတွေဟာ သူတို့ဆီမှာ လာရောက်နေထိုင်ဖို့ ကိုယ့်ကိုအမြဲဆွဲဆောင်နေကြတယ်။

သူငယ်ချင်းတစ်ယောက်ပြောသလိုဆိုရင် ကိုယ်က ခေတ်နောက်ပြန်ဆွဲပြီး လွမ်းနေတတ်သူပဲ။ ဒါပေမယ့် ဒါအတွက်ကိုယ့်မှာအပြစ်မရှိပါဘူး။ ခေတ်ဟောင်းကို သတိရတဲ့စိတ်ဟာ မွေးရာပါဗီဇတစ်ခုလို ကိုယ်လက်မှတ်မဝယ်ပဲ ရောက်လာခဲ့တဲ့ ရထားတစ်စီးပေါ့။ အရာအားလုံးက အဖြူအမည်း၊ ဒါမှမဟုတ် ရွှေရောင်၊ ဒါမှမဟုတ်လည်း နီကျင့်ကျင့်အရောင်တွေနဲ့။ Midnight in Paris ရုပ်ရှင်ကြည့်ပြီးတဲ့နောက် ရန်ကုန်ရဲ့ ၁၉၅၀ခုနှစ်လမ်းတွေပေါ် မိုးသည်းတဲ့ညတစ်ညမှာ လျှောက်သွားချင်တဲ့အိပ်မက်ဟာ ပိုပြီးခိုင်မာလာခဲ့တယ်။

အဲ့ဒီတုန်းကတော့ လက်ဖက်ရည်ဆိုင်တွေဟာ အဆိုတော်အသစ်တွေရဲ့ သီချင်းတွေကို မြည်းစမ်းနားထောင်းစရာဖြစ်ခဲ့တယ်။ လက်ဖက်ရည်နှစ်ဆိုင်ရှိရင် ပိုကောင်းတဲ့လက်ဖက်ရည်ထက် ပိုကောင်းတဲ့ကက်ဆက်ရှိတဲ့ဆိုင်က အသာရစမြဲ။ အကျရည်များများလက်ဖက်ရည်တစ်ခွက်နဲ့ လူစုံတဲ့နံနက်ခင်းတွေ။ ခွေးခြေခုံတွေအောက်မှာ စီးကရက်အကျန်တွေ။ ဆိုင်ရှင်က ဂျေမောင်မောင်ရဲ့ အလွမ်းကဖေးသီချင်းဖွင့်လိုက်တဲ့အချိန် ဗန်ဒါပင်ရိပ်အောက်က ခုံပုလေးဆီမှာ ဆွေးနေမယ့် လူတစ်ယောက်ကိုတောင် ကိုယ်လှမ်းမြင်နေမိတယ်။ ကိုယ့်ကို ခေတ်ဟောင်းဆီ ခေါ်သွားတတ်တာလည်း အဲ့ဒီသီချင်းတွေပဲ။

စိုးလွင်လွင်ရဲ့ ၈၈အင်းလျား၊ လွှမ်းမိုးရဲ့ မနှင်းဆီ ၊ ဘိုဘိုဟန်ရဲ့ ဒီကချစ်လိုက်ရတာ၊ ခိုင်ထူးရဲ့ ခတ္တာ၊ ခင်မောင်တိုးရဲ့ ဝတ်မှုန် ၊ ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်၊ လေးဖြူရဲ့ အလင်းရောင် စတဲ့စတဲ့ ကိုယ်ပြောပြလို့မလောက်နိုင်တဲ့ အရင်ကသီချင်းအားလုံးဟာ ရှင်သန်ရာဘဝတစ်ခုကို အဓိပ္ပါယ်တစ်ခုရှိနေစေဖို့ ကိုယ့်အတွက်ရှိနေခဲ့တယ်။ ကိုယ်မီလိုက်တဲ့ခေတ်မှာတောင် ကိုယ့်အဖေက အောက်စက်နဲ့တီဗီဝယ်လာပြီး မနက်တိုင်း ထူးအိမ်သင်ရဲ့ တစ်နေ့စာအလွဲများအခွေကိုဖွင့်ထားတုန်း။ မဆုံသောလမ်းသီချင်းမှာ ရထားသံလမ်းပေါ် ဂစ်တာကြီးထမ်းပြီး လမ်းလျှောက်နေတဲ့ ဟက်ကက်ကို ကိုယ်ခုထိမှတ်မိနေတုန်း။ "စင်အောက်က အမျိုးတွေ မတ်တပ်လေးရပ်ပေးလို့ရမလား" လုိ့ လေးဖြူက ပြောနေတုန်း။

ပြီးတော့ ကိုယ်စဉ်းစားမိတာက ခေတ်ဟောင်းတွေဆီက အချစ်ဆိုတဲ့အရာအကြောင်းပေါ့။ လက်ဖက်ရည်ဆိုင်ကနေ ချစ်ဦးသူမျက်နှာကို ငေးရတဲ့နံနက်ခင်းတွေရှိတယ်။ အိမ်ရှေ့ကဖြတ်သွားပြီး ချိန်းတွေ့ဖို့အချက်ပြရတဲ့ ချစ်သူတွေရှိတယ်။ စျေးကပြန်လာသူရဲ့ စက်ဘီးခြင်းတောင်းထဲမှာ သူမသိအောင်ထည့်သွားတဲ့ ရည်းစားစာတွေရှိတယ်။ လာခိုးဖို့စာရောက်မလာလို့ ချစ်တိုင်းလည်းမညားခဲ့ကြတဲ့ ကံဆိုးသူတွေရှိတယ်။ ဘယ်ခေတ်ရောက်ရောက် အချစ်ဟာ ချစ်နေဖို့ပဲမှတ်လား။ ၉၀ခုနှစ်တွေမှာ ရှားရှားပါးပါးတောင်းရတဲ့ ချစ်သူ့ဓာတ်ပုံတပုံဟာ တစ်စုံတစ်ဦးရဲ့ပိုက်ဆံအိတ်ထဲမှာ ရှိနေခဲ့တယ်။ ကိုယ်သတိရမိချိန်မှာတော့ ငယ်ငယ်က အိမ်ရှေ့ကဖြတ်သွားရုံနဲ့ ရင်ခုန်ခဲ့ရတဲ့အိမ်ကလေးဟာ ကန်ထရိုက်တိုက်ကြီးဖြစ်သွားခဲ့ပြီ။ ကိုယ်ကအဲ့ဒီရှေ့မှာ မတ်တပ်ရပ်လို့။ ခေတ်တွေအလိုက် အချစ်ရဲ့လေးနက်မှုဟာ မှိန်ဖျော့လာခဲ့သလား ကိုယ်တွေးနေမိပြန်တယ်။

နောက်ထပ် သတိရမိတာက ညနေဘက်တွေဆို ရပ်ကွက်လမ်းတွေပေါ်မှာ အုတ်နီခဲကို ဂိုးတိုင်လုပ်ထားတဲ့ ဘောလုံးပွဲတွေပဲ။ ၄နာရီဆို စက်ဘီးတစ်စီးနဲ့ အိမ်ကထွက်ပြီး လူစုမယ်။ ပုံကဒ်တွေဝယ်ပြီး ကတ်ကြေးနဲ့ညှပ်ရမယ်။ မြေပေါ်လျှောပစ်လို့ကောင်းတဲ့ ဖိနပ်တစ်ဖက်ရှာရမယ်။ ပိုကီမွန်ကတ်ဝယ်ပြီး ဘောပင်တောက်ရင်လည်း နိုင်မှဖြစ်မယ်။ အဖေနဲ့အတူ ကမ္ဘာ့ဖလားပွဲတွေကြည့်ရမယ်။ ဘောလုံးအင်္ကျီဝယ်ရမယ်။ သီတင်းကျွတ်ဆို ဖယောင်းတိုင်ထည့်ပြီး တွန်းရတဲ့ လှည်းလေးတွေ လမ်းပေါ်မှာ အသံတတောက်တောက်နဲ့။ ဗျောက်အိုးဆိုလည်း အသံကျယ်မှ။ ပိတ်ရက်တစ်ရက်မှာ အဖေ့လက်ကိုဆွဲပြီး တိရစ္ဆာန်ဥယျာဉ်က ဖျံတွေကို အစာကျွေးလိုက်ရမှ။ ညဘက်တွေမီးမလာရင် စာအုပ်အငှါးဆိုင်ပြေးလိုက်ရမှ။ ပြီးတော့ တီဗီကြော်ငြာတွေစုထားတဲ့ ဗီစီဒီအခွေလေးရလာခဲ့တယ်။ ကိုယ့်အတွေးအိမ်မှာ ဒွေးနဲ့ထက်ထက်မိုးဦးက ဗီဗီအအေးဘူးကြီးနဲ့အတူကနေခဲ့တုန်းပဲ။ ဗျူးတီးခေါင်းလျှော်ရေဟာလို့ ကြားလိုက်ရင် ကျွန်တော်အကြိုက်ဆုံးပါပဲခင်ဗျာလို့ မလွတ်တန်းလိုက်ပြောပြီးသားပဲ။ အဲ့ဒီနောက် ဒွေးကွယ်လွန်တဲ့အကြောင်းသတင်းတွေ မိုးလိုသည်းကြီးမည်းကြီးရွာချလာခဲ့တယ်။

ခေတ်ဟောင်းမှာ ရုပ်ရှင်တွေကောင်းခဲ့တာလည်း ချစ်စရာတစ်ခုပါပဲ။ လမ်းမတော်ဖိုးတေရုပ်ရှင်ထဲက ကျော်ဟိန်းရဲ့ "မုန့်ဖတ်ထုတ်" ဆိုတဲ့အသံဟာ ခုထိသဘာဝကျနေတယ်။ ကြောက်တတ်သူများမကြည့်ရရုပ်ရှင်ကိုကြည့်ရဲဖို့ လူစုခဲ့ရတယ်။ နှလုံးလှလူမိုက်မှာ မိကျောင်းဖမ်းကျွမ်းတဲ့ မင်းမော်ကွန်းကို သေဒဏ်မကျစေချင်ခဲ့ဘူး။ အဲ့ဒီနောက် မီးမမှန်တဲ့နေ့တွေမှာ ပေါင်ချိန်ရောက်လာတယ်။ ဂျူမုံရောက်လာတယ်။ နှစ်ဘဝဆက်ရိုက်ထားတဲ့ အိန္ဒိယစီးရီးတစ်ခုကို မလွတ်တမ်းကိုယ်စောင့်ကြည့်ခဲ့ဖူးတယ်။ အခုတော့လည်း ကိုယ်ဟာ ဘယ်ရုပ်ရှင်ဖြစ်ဖြစ်ဒေါင်းလုတ်ဆွဲပြီးကြည့်နိုင်နေပြီ။ အေးစက်နေတဲ့ကော်ဖီတစ်ခွက်လည်းစားပွဲပေါ်မှာ။ ကိုယ်လည်းလုပ်စရာတွေအများကြီးနဲ့ ပျော်တလှည်၊့စိတ်ကျတလှည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ပြီ။ IC Show ပွဲကို အော်ဟစ်ပြီးသွားကြည့်ခဲ့တဲ့ ကိုယ်တို့ရှေ့က မျိုးဆက်တွေဟာ အိမ်ထောင်ကျသူကျ၊ အရက်နာကျသူကျနဲ့။ ဒီလပိုင်းတွေမှာပဲ အကိုလို၊ဦးလေးလို ရင်းနှီးခဲ့တဲ့သူတွေရဲ့ ကွယ်လွန်သတင်းတွေ ကိုယ့်ဆီရောက်လာခဲ့ကြတယ်။

တကယ်တော့ ခေတ်ဟောင်းဟာ အကောင်းချည်းပဲတော့ မဟုတ်ပါဘူး။ ခိုးနားထောင်ရတဲ့ရေဒီယိုသံတွေနောက်မှာ ဆန္ဒပြနေတဲ့သူတွေကို သေနတ်ဒင်နဲ့ရိုက်လိုက်တဲ့ ဗီဒီယိုတွေလည်း ကြည့်ခဲ့မိသားပဲ။ ကိုယ်တို့စိတ်ထဲက အကြောက်တရားတွေဟာ ခေတ်ဟောင်းကပေးတဲ့ အမှတ်တရဒဏ်ရာတွေပါ။ ပျက်သွားတဲ့တရားတွေနောက်မှာ အများနဲ့တစ်ခုခုယူရင် တန်းစီရမယ်ဆိုတဲ့ အလေ့အထတောင် အသားကျလာတာ သိပ်မကြာသေးဘူးမှတ်လား။ ခေတ်ဟောင်းဟာ လောကဓံရဲ့ဒဏ်ချက်တွေနဲ့ ရင့်ကျက်ပြီးသား အမျိုးသမီးတစ်ဦးလို ကျက်သရေရှိလှပနေစမြဲ။

ခုတော့ ၂၀၁၉ခုနှစ် ရောက်ခဲ့ပြီ။ ကိုယ်ကတော့ Midnight in Paris ရုပ်ရှင်ထဲကလို ရန်ကုန်ရဲ့ညတစ်ညမှာ Time slip ဖြစ်ပြီး တစ်ချိန်က နာမည်ကျော်စာရေးဆရာတွေနဲ့ တွေ့ဆုံစကားပြောရဖို့ စိတ်ကူးယဉ်နေခဲ့မိတုန်းပဲ။ ဆူးလေရဲ့ လမ်းတွေပေါ်မှာ မိုးတွေရွာနေတုန်းလျှောက်သွားမယ်။ ရောက်လာတဲ့ မြင်းလှည်းတစ်စီးပေါ် တက်လိုက်မယ်။ အလွမ်းဟာအဖြူအမည်း။ အံဆွဲထဲမှာ ရေမွှေးစက္ကူနဲ့ ရည်းစားစာတွေရှိနေမယ်။

ဆပ်ရိပ်
၂၅.၇.၂၀၁၉

Photo: NAUNG . photography

Comments