တစ်ယောက်ကိုတစ်ယောက်က ထိမိခိုက်မိခဲ့တာတွေ
ညက မိုးတွေရွာတော့ သူငယ်ချင်းတစ်ယောက်ကို သတိရတယ်။ မိုးရေထဲမှာ ထီးတစ်ချောင်းကို လက်ကဆောင်းလို့်၊ နောက်ကျောက ကျောပိုးအိတ်ကိုလွယ်လို့ ခြေလှမ်းလေးလေးတွေနဲ့ အိမ်ပြန်သွားပြီး ကိုယ့်ဘဝထဲကနေ ရုတ်တရက်ထွက်သွားခဲ့တဲ့ကောင်ကြီးပေါ့။ အဲ့ဒီနေ့အကြောင်း မပြောပြခင် အဲ့ကောင်ကြီးအကြောင်း နည်းနည်းပြောပြချင်တယ်။ နောက်ပြီး ပြန်ပြင်လို့မရတော့တဲ့အမှားတွေနဲ့ ပြန်မမြင်ရတော့မယ့်လူတစ်ယောက်အတွက် တောင်းပန်စကားတွေအကြောင်းပေါ့။
အဲ့ကောင်ကြီးလို့သာ တရင်းတနှီးဆိုရပေမယ့် သူ့အကောင်က တကယ့်ကိုသေးသေးညှပ်ညှပ်လေးရယ်။ သူ့ခန္ဓာကိုယ်က ရွယ်တူကောင်တွေထက်ကို ပိန်တဲ့ထဲမှာပါတယ်။ နေတာထိုင်တာလည်း အေးတယ် ။ စကားပြောရင် မပွင့်တပွင့် နဲ့ အနီးကပ်ရင်းနှီးတဲ့သူတွေနဲ့မှသာ ကမြင်းကြောထတတ်တဲ့ကောင်မျိုးပဲ။ ဒါတောင် သူ့ကိုဘယ်လောက်စစ သည်းခံသလို သူကတစ်ယောက်ယောက်ကို ဖောက်တယ် ၊ ကျပ်တယ်ဆိုတာလည်း အတော်မြင်ရခဲလှတယ်။ မှတ်မှတ်ရရ ကိုးတန်းနှစ်တုန်းက မုန့်စားဆင်းတော့ ကြာဇံချက်ခွက်ထဲမှာ ငရုတ်သီးအများကြီးထည့်လာ၊ အစပ်မိသွားတဲ့ကောင်တွေကိုကြည့်ပြီး ကာတွန်းကားထဲကအသံနဲ့ တဟီးဟီးလုပ်ရီနေတာပဲ ကျနော်မှတ်မိတယ်။
အဲ့တုန်းက ၂၀၁၀ကျော်ကျော်ဆိုတော့ ရပ်ကွက်လမ်းတွေထဲမှာ ဘောလုံးကန်ကြသေးတယ်။ ညနေဆိုရင် တနေရာရာမှာ ကစားဖို့ သူ့ကိုကျနော်သွားသွားခေါ်တတ်တယ်။ တခါတလေလည်း သူ့အိမ်ရှေ့ ကတ္တရာလမ်းကျဉ်းကျဉ်းမှာပဲ ကန်လိုက်ကြတယ်။ သူ့မှာညီတစ်ယောက်ရှိတော့ သူ့အိမ်မှာကန်တဲ့အခါ ကလေးတွေပါလာတတ်တယ်။ အဲ့တော့ ကျနော်တို့က သိပ်မကန်ချင်ပဲ စုနေကျလမ်းထဲမှာပဲ ကန်လေ့ရှိတယ်။ ဒါ့ကြောင့် သ့ူအိမ်ကို ကျနော်ကသွားသွားခေါ်ရတယ်။ သူ့အိမ်ကတော့ အမေနဲ့အဘွားပဲရှိတယ်။ သ့ူလိုပဲ တအိမ်လုံးကလည်း သဘောကောင်းကောင်း၊ အေးအေးဆေးဆေးရယ်။
နောက် သူ့ရဲ့ ထူးခြားတဲ့အကျင့်တခုက ပုံဆွဲတာ။ ပုံကို ဝါသနာအနေနဲ့ဆွဲပေမယ့် သူဆွဲတဲ့ရှုခင်းပုံတွေက တော်တော်ကိုအဆင့်မီတယ်ပြောရမယ်။ မြစ်ကမ်းပါးတစ်လျှောက်က စေတီလေးတဆူ ၊လှေလေးတစ်စီးရဲ့ဘေးမှာ ပွနေတဲ့မြေသားတွေကအစ သူသေချာဆွဲတတ်တယ်။ တစ်ခါကတော့ ကျနော်တအားသဘောကျနေတဲ့ပုံနှစ်ပုံကို မင်းလိုချင်ယူသွားဆိုပြီး ပေးလိ့ု ဝမ်းသာအားရယူခဲ့ဖူးတယ်။ ပန်းချီကားတွေဆိုတာ ဝယ်စုရပါလားလို့ မသိသေးတဲ့အရွယ်ကတည်းက သူပေးတဲ့ပုံနှပုံကို အိပ်ခန်းနံရံမှာ အမြတ်တနိုးကျနော်ကပ်ထားခဲ့ဖူးတယ်။ အိမ်ပြောင်းကြတော့ နံရံမှာ သူ့ပုံနှပုံကျန်ခဲ့တယ်။ ကျန်ခဲ့တယ်ဆိုတာထက် ကျနော့်နောင်တတစ်ခုကြောင့် ထားခဲ့တာလို့ ဆိုရင် ပိုမှန်မယ်ထင်တယ်။
အဲ့ဒီနေ့ မိုးကတညနေလုံးရွာနေတယ်။ ကျနော်လည်း ဘောလုံးကန်ဖို့သူ့ကိုသွားခေါ်တယ်။ သူက ကျူရှင်မတက်ပဲ လွယ်အိတ်တလုံး၊ ထီးတချောင်းနဲ့ လိုက်လာခဲ့တယ်။ ကျနော်တို့စုနေကျလမ်းမှာ ဘောလုံးကန်ကြတယ်။ ကျနော်တိ့ုအသင်းက တပွဲမှမနိုင်ဘူး။ အဲ့အပြင် သူက ကိစ္စတစ်ခုရှိလို့ အိမ်ပြန်ဖို့ ကျနော့်ကို တတွတ်တွတ်ပြောနေတယ်။ ဆယ်တန်းစာမေးပွဲဖြေဖို့ လေးလလောက်အလို။ ဘောလုံးပွဲမနိုင်တဲ့အပြင် သူက တတွတ်တွတ်လုပ်နေတော့ ကျနော်ဒေါသထွက်ခဲ့တယ်။ ဒါက ဆင်ခြေပါ။ အဓိကကတော့ ခံစားချက်ထိန်းချုပ်တာတို့ ၊ ပြောသင့်တာမပြောသင့်တာတို့ကို သေချာမသိသေးတဲ့ ၁၆နှစ်သား ကျနော်ဟာ ခုထိနောင်တရနေမိမယ့် အပြစ်တစ်ခုကိုလုပ်ခဲ့မိတယ်။
အဲ့ဒါကတော့ အိမ်ပြန်ချင်လို့ ကျနော့်ကိုလာပြောနေတဲ့သူ့ကို လိုတာထက်ပိုပြီး နင်ပဲငဆပြောခဲ့တယ်။ စိတ်ရှုပ်နေတဲ့ ကျနော့်ကိုကျနော်မထိန်းနိုင်ဘူး။ ဘောပွဲရှုံးတာ မင်းစောက်သုံးမကျလိ့ု ဆိုတာကနေ မင်းစောက်လုပ်ရှုပ်ပြီး အိမ်ပြန်ချင်နေလို့ ဘောလုံးကောင်းကောင်းမကန်ရဘူး စသဖြင့်ပေါ့။ ကျနော်ပြောတဲ့ စကားလုံးတွေကို အတိအကျမမှတ်မိတော့ပေမယ့် အားလုံးဟာ မလိုအပ်ပဲနဲ့ စိတ်လိုက်မာန်ပါပြောနေတာချည်းပဲ ဆိုတာတော့ သေချာတယ်။ ကျနော်ပြောဆိုပြီးတော့ သူကကျနော့်ကိုတခွန်းတော့ ပြန်ပြောတယ်။ စိတ်ဆိုးခဲတဲ့သူ့မျက်နှာမှာ စိတ်မကောင်းခြင်းနဲ့ ဒေါသဖြစ်ခြင်းရဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။ သူပြောတာက "မင်းပဲ ငါ့ကိုဒီခေါ်လာတာလေ" တဲ့။ ကျနော်ကလည်း " အေး ခုငါပြန်မပို့နိုင်ဘူး မင်းစောက်ခြေထောက်နဲ့ မင်းဘာသာပြန်" ဆိုပြီး အော်ထုတ်လိုက်တယ်။ သူဘာမှပြန်မပြောတော့ဘူး။ မိုးရေတွေထဲမှာ ထီးကိုဖွင့်ဆောင်းတယ်။ သူ့မျက်နှာပေါ်က စိတ်မကောင်းဖြစ်နေတဲ့အပြုံးကို ကျနော်မမေ့တော့ဘူး။ ပြီးတော့ လွယ်အိတ်လွယ်ပြီး တပေါက်ပေါက်ကျနေတဲ့မိုးရေတွေနဲ့အတူ ခပ်ဖြည်းဖြည်းထွက်သွားခဲ့တဲ့ သူ့နောက်ကျောမြင်ကွင်းကိုရောပဲ။
နောက်မနက်ကျတော့ ကျောင်းမှာကျနော်တို့ပြန်တွေ့တယ်။ သူကဘာမှကိုစိတ်ထဲမရှိသလို ရီရီပြုံးပြုံးပါ။ နိုင်ငံတော်သီချင်းဆိုကြတော့ သူက ကျနော့်ကျောကို ခြေထောက်နဲ့လှမ်းထိုးပြီး စနေတယ်။ အဲ့ဒီနောက် စနေ၊တနင်္ဂနွေ ကျောင်းပိတ်တယ်။
စနေနေ့ညနေမှာတော့ ကျနော်တို့ဆီကို သတင်းဆိုးတစ်ခုဝင်လာခဲ့တယ်။ ရေကူးကန်ကအပြန် ကားတိုက်ခံရပြီး သူပွဲချင်းပြီး ဆုံးတယ်ဆိုတဲ့ သတင်းပဲ။ ကားလမ်းကူးခါနီးသူရပ်နေတဲ့ပလက်ဖောင်းကို စောက်သုံးမကျတဲ့ ကားတစ်စီးက ဝင်တိုက်ခဲ့တာ။ အစက ကျနော်မယုံနိုင်ဘူး။ အဲ့သတင်းသေချာတယ်ဆိုတာ သိရတဲ့အခါမှာတေ့ာ အဲ့ညက ကျနော်ဟာ အိမ်ကဟိုက်ဂျက်ကား ခေါင်းခန်းထဲဝင်ပြီး ရှိုက်ကြီးတငင်ငိုခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးတယ်ဆိုတဲ့အသိရယ် ၊ ဆယ်တန်းဖြေခါနီးမှ ဖြစ်ရလေခြင်းဆိုတဲ့ အတွေးရယ်ဟာ ကျနော့်တစ်ကိုယ်လုံးကို အေးခဲစေခဲ့တယ်။ အသုဘချမယ့်နေ့မှာ ထိန်ပင်သုသာန်ကို ကျောင်းကလိုက်ထရပ်ကားတွေနဲ့ ကျနော်ရောက်တယ်။ သူ့အိမ်က သူဆောင်းနေကျ ဦးထုတ်လေးကိုဆောင်းပေးထားတယ်။ သူကတော့ သူ့ပုံစံအတိုင်း တည်ငြိမ်လို့။ ပြီးတော့ ဘဝမှာ ပထမဆုံးခံစားဖူးတဲ့ ပူလောင်ခြင်းဟာ ကျနော့်ဆီကို တိုးဝင်လာခဲ့တယ်။ အဲ့ဒါက ချစ်သူခင်သူတစ်ယောက်ကို ဘယ်တော့မှထပ်မတွေ့ရတော့ဘူးဆိုတဲ့ အသိပါပဲ။ အဲ့ဒီအပြင် တနေ့ညနေက ဘယ်သူမှမသိလိုက်တဲ့ ကျနော့်ရဲ့ အပြုအမူ၊အပြောအဆိုတွေအတွက် ကျနော်သူ့ကိုတောင်းပန်နေခဲ့တယ်။ တောင်းပန်လို့မရတော့ဘူးဆိုတဲ့အတွေးကြောင့်လည်း အိမ်အပြန်လမ်းတစ်လျှောက် ကျနော်ပိုပြီးဝမ်းနည်းခဲ့ရတယ်။ မိုးတွေအရမ်းရွာတဲ့အခါ ၊ ကျနော်အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့ လမ်းထဲကို မတော်တဆရောက်မိတဲ့အခါ ကျနော့်တစ်ကိုယ်လုံးမှာ နောင်တနဲ့တောင်းပန်စကားတွေချည်းပဲ။ ဒါပေမယ့်ဘာမှမထူးတော့ဘူး..။
ကျနော်ပြောချင်တာက ဒီလိုပါ။ စိတ်ရှုပ်ထွေးစရာတွေနဲ့ ရှင်သန်နေရတဲ့ ဒီကမ္ဘာကြီးထဲမှာ ကျနော်တို့ဟာ တစ်ယောက်ကို တစ်ယောက် ထိမိခိုက်မိဖို့ သိပ်ကိုလွယ်ကူကြပါတယ်။ ပါးစပ်မှာ ဘရိတ်မပါဘူးဆိုရင် မှတ်ဉာဏ်မှာလည်း ခဲဖျက်မပါတဲ့အကြောင်း သိစေချင်တယ်။ တစ်ယောက်ကိုတစ်ယောက် စကားလုံးတွေနဲ့၊ အပြုအမူတွေနဲ့ နာကျင်ထိခိုက်စေကြဖို့ တကယ်ပဲ လိုအပ်ခဲ့ကြရဲ့လား။ တစ်ယောက်ကိုတစ်ယောက် စိတ်မကောင်းဖြစ်စေကြဖို့ တကယ်ရောထိုက်တန်ကြရဲ့လား။ ကျနော့်သူငယ်ချင်းက ကျနော့်ကို ခွင့်လွှတ်နေမှာသေချာပေမယ့် ကျနော့်စိတ်ကို ဖြေသာစေမယ့် တောင်းပန်စကားတစ်ခုခု ပြောရဖို့ ဘယ်သံသရာထိ ရှင်သန်ရဦးမလဲ ကျနော်စဉ်းစားနေမိတယ်။
တကယ်လို့ နောက်ထပ်ဘဝတစ်ခုသာ ရှိခဲ့မယ်ဆိုရင် ကျနော်ကတော့ ဘယ်လိုမှသဘောမထားပါနဲ့သားကြီးရာ ဆိုတဲ့စကားတစ်ခုတော့ ပြောချင်တယ်။ သူကတော့သူ့ပုံစံအတိုင်း ဘာမှမဖြစ်ပါဘူးဟ ဆိုပြီး အေးဆေး ပြုံးပြနေဦးမှာပဲ။ ကမ္ဘာရဲ့ တစ်ခြားတစ်ဖက်မှာ အဆုံးအစမဲ့ပန်းခင်းတွေနဲ့ တိမ်ဖြူဖြူတွေ လွင့်မျောလို့။ အမုန်းစကားတွေနဲ့ စိတ်ဒဏ်ရာတွေဟာ မြူတွေထဲမှာ ဝေဝါးပျောက်ကွယ်လို့။ မနက်ဖန်မနက်မှာ ကျနော်တို့မျက်လုံးတွေ ပြန်ပွင့်မလာတော့တဲ့အခါ ကျနော်တို့ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကသာ ကျနော်တို့ကို သတိရနေစေမှာရယ်...။
-ဆပ်ရိပ်
၄.၉.၂၀၁၉
Comments
Post a Comment