ပျော်ရွှင်ပါ



ပျော်ရွှင်ပါ

နေရောင်ခြည်ကို မြင်ရတဲ့အခါ ပျော်ရွှင်ပါ
ပြတင်းပေါက်ကိုဖွင့်လိုက်ရတဲ့အခါ ပျ်ောရွှင်ပါ
မျက်နှာကို လေတိုးတဲ့အခါ ပျော်ရွှင်ပါ
လမ်းပေါ်မိုးတွေရွာတဲ့အခါ ပျော်ရွှင်ပါ
ညနေခင်းရောက်တဲ့အခါ ပျော်ရွှင်ပါ
ကြယ်တွေကိုတွေ့တဲ့အခါ ပျော်ရွှင်ပါ
အိပ်စက်နိုင်တဲ့အခါ ​ပျော်ရွှင်ပါ
အိပ်မက်မက်နိုင်တဲ့အခါ ပျော်ရွှင်ပါ

နေဝင်ဆည်းဆာရောက်တဲ့အခါ ပျော်ရွှင်ပါ
ပင်လယ်ကိုမြင်ရတဲ့အခါ ပျော်ရွှင်ပါ
လယ်ကွင်းတွေမြင်ရတဲ့အခါ ပျော်ရွှင်ပါ
တောင်တန်းတွေမြင်ရတဲ့အခါ ပျော်ရွှင်ပါ
စမ်းချောင်းကလေးနံဘေးရောက်ရင် ပျော်ရွှင်ပါ

ကားလမ်းတွေပိတ်တဲ့အခါ ပျော်ရွှင်ပါ
ထီးမပါတဲ့အခါ ပျော်ရွှင်ပါ
လမ်းမသိတဲ့အခါ ပျော်ရွှင်ပါ
ကော်ဖီခွက်လေးကိုင်မိတဲ့အခါ ပျော်ရွှင်ပါ
နား​​ကြပ်တစ်ဖက်ပျက်သွားတဲ့အခါ ပျော်ရွှင်ပါ
တစ်ကိုယ်တည်းဖြစ်နေတဲ့အခါ ပျော်ရွှင်ပါ
ပင်ပန်းနွမ်းနယ်လွန်းတဲ့အခါ ပျော်ရွှင်ပါ

ရင်ထဲမနွေးထွေးလွန်းတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွှင်ပါ
ခြေဖျားလက်ဖျားတွေ အေးစက်လွန်းတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွှင်ပါ
အထီးကျန်ဆန်လွန်းတဲ့အခါ 
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
ပစ်ပယ်ခံရတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
အစားထိုးခံရတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
မွန်းကြပ်လွန်းတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
မှောင်မိုက်အေးစက်လွန်းတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
လမ်းပေါ်လူသူကင်းမဲ့သွားတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
ထင်သလိုဖြစ်မလာတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ
တည်ဆောက်ထားသမျှ ပြိုလဲသွားတဲ့အခါ
နောက်တနေ့မနက်မှာ ပျော်ရွင်ပါ

အသက်နဲ့ဝိညာဥ် တွဲလျက်ရှိနေတုန်းမှာ
ပင်ပန်းနွမ်းနယ်လွန်းတဲ့အခါ
ပျော်ရွှင်ခြင်းဆိုတာ
ကြိုးစားပြီးလှန်ရမယ့် စာမျက်နှာကလေး
မော့ပြီးရှူရမယ့် လေပြေလေအေးကလေး

ပျော်ရွှင်တဲ့အခါ သစ်ပင်တွေစိုက်နိုင်
ပျော်ရွှင်တဲ့အခါ ခရီးတွေထွက်နိုင်
ပျော်ရွှင်တဲ့အခါ နွေးထွေးတဲ့လက်တွေပေးနိုင်

တစ်ယောက်ယောက်ဆီ ဖုန်းဆက်
သီချင်းတစ်ပုဒ်ကို အစအဆုံးလိုက်ဆို
ကော်ဖီဆိုင်ကိုသွား
ရုပ်ရှင်ရုံကိုသွား
တစ်ယောက်ထဲမနေနဲ့
နွေးနွေးထွေးထွေးရှင်သန်

ကိုယ်ဘာပြောရဦးမလဲ
ကမ္ဘာကြီးအတွက်ဖြစ်ဖြစ်
ကိုယ့်အတွက်ဖြစ်ဖြစ်
ဝမ်းနည်းနိုင်သမျှ နည်းနည်း
ပျော်ရွှင်နိုင်သမျှ များများ
အနားနားမှာ ပျော်ရွှင်ခြင်းကို ထားထားပေါ့။

-ဆပ်ရိပ်
၉.၁၀.၁၉

(In honour of Oct 10,world mental health day)


Comments