မှ



"မှ" collection

(၁)

ရွှေငါးလေးတွေရဲ့ မှတ်ဥာဏ်က မိနစ်ပိုင်းလေးပဲ ခံတယ်။ပိုးစုန်းကြူးလေးတွေက အစောကြီးသေဆုံးကြရတယ်တဲ့။ကိုယ်ကတော့ ပိုးစုန်းကြူးတွေလိုလည်း မသေဆုံးနိုင်သေး ၊ ရွှေငါးတစ်ကောင်ရဲ့ မှတ်ဥာဏ်မျိုးနဲ့လည်း မဟုတ်တော့ မင်းအကြောင်း စဉ်းစားမိနေတုန်းဆိုတာ ဝန်ခံရပါလိမ့်မယ်။လူတွေရဲ့ချစ်ခြင်းနဲ့ပတ်သတ်လာရင်
ဟယ်ရီပေါ်တာရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလေးကို ဖျက်ခနဲ ပြေးမြင်မိတာပဲ။ ပရော်ဖက်ဆာကြီးက ပါမောက္ခစနိပ်ကို မေးတဲ့အခန်းပေါ့။
 "After all this time?"
"ဒီလောက်အချိန်တွေကြာပြီးတာတောင်မှ သူ့ကို ချစ်နေတုန်းပဲလား "ဆိုတော့ ဇာတ်ကားတောက်လျှောက် ကိုယ်မျက်မုန်းကျိုးလာရတဲ့ စနိပ်က တစ်ခွန်းပဲဖြေတယ်။ "Always" "အမြဲတမ်းပါပဲ" တဲ့။ 
တစ်ယောက်ယောက်များကိုယ့်ကို အဲ့လိုမေးခဲ့ရင် ကိုယ်ဘယ်လိုဖြေရပါ့မလဲ။

(နွေဦးမှ)

(၂)

သူက ညံ့တယ်
အမှတ်တရ နဲ့ ဒဏ်ရာကို ကွဲကွဲပြားပြားမသိဘူး
လက်ထဲကျကွဲလာတဲ့မိုးရေပေါက်တွေကို ဆုပ်ကိုင်ပြီး
ချစ်ခြင်းမေတ္တာရရှိခဲ့ဖူးပြီလို့ အော်ခဲ့ဖူးတယ်
သူ့လက်ဖဝါးထဲမှာ သူ့မျက်ဝန်းက မိုးရေတွေပဲရှိနေမယ့်အဖြစ်ကို သူလုံးဝမသိခဲ့ဘူး။

သူက စာတန်းထိုးမှာစောင့်နေတယ်။ဆွေးမြေ့မြေ့တယောသံကိုစောင့်နေတယ်။ဇာတ်လမ်းပြီးသွားတာ သူမသိခဲ့ဘူး။
အရင်အချိန်တွေပြန်ရလည်း အရင်လူဟာ အရင်လူလိုမဟုတ်နိုင်တော့ဘူးဆိုတာ သူလက်ခံလာတယ်။အထီးကျန်လွန်းတဲ့အချိန်တွေမှာ
ဘယ်သူမှ မသွားချင်တဲ့လမ်းတစ်လမ်းကိုရှာတယ်။သူ့နာမည်ပေးတယ်။

အိပ်မက်ထဲမှာ သူ့ကိုဖျက်ခနဲနမ်းတယ်။ပြီးတော့ တစ်ဖက်လှည့်ပြီး ရှက်စနိုးနဲ့ ပြုံးနေတယ်။အိပ်မက်လားဆိုတေ့ာ "အင်း...ဒါအိပ်မက်ပါ"တဲ့။အရင်းနှီးဆုံးအသံရှင်နောက်ကို လိုက်ပေမယ့် သူ့ကိုနားမလည်ကြတဲ့မျက်ဝန်းတွေဆီပဲ ရောက်ရောက်သွားတယ်။သူတရေးနိုးလာတယ်။
မခေါ်ဖြစ်တော့တဲ့ nickname တွေဟာ အတိတ်မေ့နေတဲ့ခိုတစ်ကောင်လို ဘယ်မှပျံသန်းစရာမရှိပဲ သူ့နှုတ်ဖျားကနေ ဦးတည်ရာမဲ့ထွက်ခွာသွားတော့တယ်။
သူညံ့ခဲ့တယ်။

သူအဲ့လိုညံ့နေခဲ့တာ
အဖြစ်အပျက်တွေဟာ ဆေးလိပ်ငွေ့တွေလို
ပုံသဏ္ဍာန်အမျိူးမျိုးပြောင်းရင်း ဝေးကွာပျောက်ကွယ်သွားနေကြောင်း သူသိလိုက်မိတဲ့အချိန်အထိပဲ။
သူသတိရတော့  ဝရန်တာမှာ သူဟာ 
လွှင့်ပစ်ခံရတဲ့ တစ်ရှူးစလို ငြိမ်သက်ငေးမောလို့။

(သူမှ)

(၃)

အကောင်းအတိုင်း ပြန်မဖြစ်တော့တဲ့ ဇာတ်လမ်းတွေဟာ ပြန်မရောက်ဖြစ်တော့တဲ့ မြို့ကလေးနဲ့တူတယ်။ပျော်စရာလည်း ကောင်းခဲ့ဖူးမယ်။ ပင်ပန်းခဲ့တာတွေလည်းရှိမယ်။
မှတ်ဥာဏ်မှာ သွားခဲ့လာခဲ့တဲ့နေရာနဲ့ အချိန်တွေ ရှိနေမယ်။မြို့ကလေးနဲ့ နောက်ဆုံးနှုတ်ဆက်ရချိန်တွေကို မျက်စိထဲ မြင်ယောင်နေမိမယ်။

မင်းသိပါတယ်။
အလွတ်ရပြီးသား သီချင်းစာသားစာရွက်ကလေးဟာ စာလုံးပေါင်းတွေမှားနေလည်း အလွတ်ရနေဦးမှာပဲ။အဖြစ်အပျက်တွေရဲ့ ပြောင်းလဲလာခြင်းတွေကို စာလုံးပေါင်းမှားခြင်းလို့ပဲ သဘောထားကြည့်။သတိရခြင်းကိုတော့ မင်းအမြဲအလွတ်ရနေတော့မှာ။

ဘဝဆိုတာဟာ ဘယ်တော့မှ ရပ်မနေတဲ့အဝေးပြေးကားတစ်စီးပဲလေ။မြို့ကလေးကို နေလုံးနီနီနဲ့နှုတ်ဆက်ခဲ့တယ်။ပုံရိပ်တွေ ဝေး၍ ဝေး၍ ကျန်နေခဲ့တာ မင်းသိနေတယ်။ဒါပေမယ့် ဘာများမင်းလုပ်နိုင်မှာလဲ။

ဒီလိုနဲ့
ဒီလိုပဲ..
မြို့ကလေးဆီ
ပြန်မရောက်ဖြစ်တော့ဘူး။ဘယ်တော့မှ..။

(ပြန်မရောက်ဖြစ်တော့တဲ့ မြို့မှ)

(၄)

အရာရာ အဆင်ပြေနေတယ်လည်းမဟုတ်ဘူး။
ဒီမနက်လမ်းဖြတ်ကူးတုန်းက တွေ့လိုက်တဲ့ခွေးကလေးအကြောင်းကနေ ညကအိပ်မပျော်တဲ့အကြောင်းတွေထိ ပြောနေချင်သေးတယ်။အလင်းက အသံထက် မြန်သလိုမျိုး အကျင့်ရပြီးသားလူတစ်ယောက်အတွက် စိတ်ထက် လက်က မြန်မိတဲ့အချိန်တွေကိုယ့်မှာရှိခဲ့တယ်။နာကျင်မှုဟာ မပို့သင့်တော့တဲ့ စာတွေဆီမှာလား။ပျော်ရွှင်မှုဟာ ပို့ဖြစ်လိုက်တဲ့စာတွေဆီမှာလား။စာတွေစီပြီးမှ ငိုင်နေမိတာဟာ ပြန်လာသူမရှိတော့တဲ့အိမ်လေးကို အချိန်အကြာကြီး ရပ်ကြည့်နေမိတဲ့ခံစားချက်မျိုးပဲ။တစ်နေ့ကမိုးတွေရွာတယ်။ရန်ကုန်တက္ကသိုလ်မှာလည်း စိန်ပန်းတွေပွင့်နေပြီတဲ့။ကိုယ်ဒီအကြောင်းတွေ ဘယ်သူ့ကိုပြောရပါ့မလဲ။

(မေးခွန်းတစ်ခုမှ)

(၅)

မိုးရေတွေကျလာတာနဲ့ အိမ်ကခေါင်းခေါက်တာခံပြီး
အပြင်ပြေးထွက်ခဲ့ရတဲ့ ငယ်ဘဝ ကိုယ်တို့မှာရှိခဲ့တယ်
ကိုယ်တို့မှာရှိနေတဲ့မနက်ဖန်ဟာ ကြောက်ဖို့မကောင်းသေးဘူး။
အဲ့တုန်းကတော့ ကိုယ်တို့အင်္ကျီက 
အဖြူ ရောင်သက်သက်လေး။

နောက်တော့လည်း အသက်တွေကြီးလာတာ
မိသားစုအတွက် ဖြစ်ချင်မိတဲ့ဆန္ဒတွေရှိလာတာ
မပြည့်တဲ့ဆုတောင်းတွေများလာတာ
အဆင်မပြေပြေအောင် နေရတဲ့ရက်တွေရှိလာတာ
မိုးခြိမ်းသံထက်
ကြောက်ဖို့ကောင်းတဲ့အရာတွေများလာတာ
ပြန်မရတော့တဲ့ငယ်ဘဝအကြောင်း စဉ်းစားမိလာတာ
လမ်းတွေပေါ် ကြိုးစားလျှောက်နေရတာ
စသဖြင့်ပေါ့။

အခုအချိန်မှာ ဘယ်သူမှခေါင်းမခေါက်တော့ဘူး
အိမ်အပြင်လည်းပြေးမထွက်မိဘူး
ရွာနေတဲ့မိုးတွေကိုပဲ ငေးနေမိတယ်
မိုးရေထဲမျောပါနေတဲ့ သစ်ရွက်ကြွေတွေရှိတယ်
လေတွေအရမ်းတိုက်နေတယ်။

ရိုးရိုးသားသားဖြေကြည့်ပါ။
ကိုယ်တို့နှလုံးသားမှာစွန်းနေတဲ့အရောင်တွေအကြောင်း ကိုယ်တို့ဘယ်လောက်သိသလဲ။

(ငယ်ဘဝတစ်ခုမှ)

(၆)

ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့ ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။ငါတို့က တစ်သက်လုံးအတူရှိလို့ရပါတယ်။ဒါပေမယ့် အတူရှိနေရင်တောင် အတူဖြစ်နေတော့မှာမဟုတ်ဘူး။မီးရထားသံလမ်းတွေကို တွေ့တိုင်း ငါဒါကိုပိုပိုနားလည်လာခဲ့တယ်။ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို ငါတို့ရရှိခဲ့ကြပါတယ်။

နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။ကမ္ဘာက အကျယ်ကြီး။ ငါတို့တွေ့ဖို့အတွက် အခွင့်အရေးက အများကြီးမရှိ။ဒါပေမယ့်ငါတို့တွေ့ခဲ့ကြတယ်။တစ်နည်းအားဖြင့် ငါတို့တိုက်မိခဲ့ကြတယ်။ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။

မျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ်
ငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ်
ငါတို့ဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး* ။

(ဘူတာရုံဟောင်းတစ်ခုမှ)

(၇)

ညတွေဆို စိတ်ဟာ ညထက်မှောင်တယ်။ ရောက်ဖူးတဲ့ငရဲဆီ ပြန်တူးတယ်။ အဝေးကြီးကို ပြေးထွက်သွားပြီး ကိုယ့်ဆီ ပြန်မလာလမ်းကိုရွေးတယ်။အေးစက်စက်ကိုယ့်လက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ဖက်ထားရတယ်။ အခန်းထဲက မီးလုံးအဝါဖျော့ဖျောဆီမှာ တချိန်ကကိုယ့်အကြောင်းကို လေယာဉ်ပျောက်သတင်းအနေနဲ့ ပြန်လည်ဖတ်ရှုရတယ်။ပြီးတော့ ပြန်ရှာမတွေ့ခဲ့ဘူး။

အ်ိပ်မက်လမ်းဆီမှာ မြူတွေဝေတယ်။ပြန်မလာသူတစ်ယောက်ရှိတယ်။ဘယ်နေရာထိသွားသွား ဘယ်မှမရောက်နိုင်တဲ့သူတစ်ယောက်ရှိတယ်။ချစ်ခြင်းဟာ ကြေမွခဲ့တဲ့ သစ်ရွက်လိုလို။ ကြေမွပြီးသားရွက်ကြွေကို အချစ်လို့ ထင်ခဲ့ခြင်းလိုလို။ ဘဝဟာ ထင်ယောင်ထင်မှားဖြစ်မှုတွေများလာ။ တစ်ယောက်တည်း ပျော်ရွှင်စွာ နေတတ်လာ။တစ်ယောက်တည်း မပျော်ရွှင်စွာနေတတ်လာ။ အိမ်ပြန်ရောက်ရင် စာပို့ပါလို့ ကိုယ့်ကိုယ်ကိုမှာဖို့လိုအပ်လာ။

မျှော်လင့်ချက်ဟာ သေသွားတဲ့ခွေးကလေးလည်းဖြစ်ခဲ့တယ်။ မျှော်လင့်ချက်ဟာ မြက်ခင်းစိမ်းတွေကနေ အိပ်မက်ဆိုးတွေထိ သယ်ဆောင်သွားနိုင်တယ်။ဒဏ်ရာက ဒီမှာပါ။အရာအားလုံးဟာ တရင်းတနှီးဖြစ်ပြီးမှ လှည့်ပြန်ခဲ့ရတာမျိုးပါ။အိပ်မက်ထဲမှာ အိပ်မက်တွေမမက်တော့တဲ့အကြောင်းကို အိပ်မက်ထဲမှာပဲမြင်ရတော့မယ့်သူတစ်ယောက်ဆီ အားကိုးတကြီးတိုင်တည်နေမိခဲ့တယ်။ နောက်အိပ်မက်တစ်ခုမှာတော့ တညလုံး ပြတ်နေတဲ့စွန်တစ်ခုနောက် ကိုယ်ပြေးလိုက်နေခဲ့ပြန်တယ်။မပျော်စရာပါပဲ။

ကိုယ်က သံယောဇဉ်တွယ်လွယ်တယ်။ ခွင့်လွှတ်လွယ်တယ်။ ဒီတော့ ဘယ်အရာကိုမှ မေ့ရလွယ်မနေခဲ့ဘူး။ တစ်ခြားသူတွေက ကိုယ့်ကိုနားမလည်ဘူးလို့ပြောလာတိုင်း ခေါင်းတွေညိတ်နေမိတော့တာပဲ။ကိုယ်လည်း ဘာထူးလို့လဲကွယ်။

(ဖွင့်မထားမိတဲ့တံခါးများ မှ)

-ဆပ်ရိပ်

(မရယ်ရွယ်ပဲ "မှ" ဆိုတဲ့အမည်တွေနဲ့ ဟိုတစဒီတစစာတွေ ရေးဖြစ်ခဲ့ပါတယ်။ "မှ" ဟာ ဟိုကဒီကနေ ပို့လာတဲ့စာတွေပါပဲ။ ဘယ်ကရောက်လာခဲ့မှန်းမသိရဘူး။ဘယ်သူဖတ်မယ်မသိရဘူး။နောက်တော့ ဒီလိုပဲ ပျောက်ကွယ်သွားခဲ့ပြန်တယ်။အခုတော့ "မှ" တွေကို စိတ်လိုလက်ရရှိတုန်း စုထားလိုက်ပါတယ်။ခုထိတော့ ၇ပုဒ်ရှိပါပီတဲ့)

Comments