၁၈ နှစ်သားတစ်ယောက်အကြောင်း
၁၈နှစ်သားမှာ ကျနော်အရမ်းလိုချင်နေတာ အလုပ်ပဲ။ အလုပ်အဓိက လိုချင်ရတာက ပိုက်ဆံကြောင့်။ ပိုက်ဆံအဓိကလိုရတာက ကျနော်လုပ်ချင်တာတွေ လုပ်နိုင်ဖို့။ ကျနော်လုပ်ချင်တယ်ဆိုတာက ကြီးကြီးမားမားတွေတော့မဟုတ်။ ကိုယ့်ပိုက်ဆံနဲ့ကို လက်ဖက်ရည်ဆိုင်ထိုင်ချင်တာ၊ စာအုပ်ဝယ်ချင်တာ၊ အပြင်သွားစရာရှိရင် သွားနိုင်ချင်တာ၊ တတ်နိုင်သလောက် အမှီအခိုကင်းကင်းဖြစ်ချင်တာ စသဖြင့်ပေါ့။ ကျနော့်အိမ်က မပေးဘူးလားဆိုတော့ ပေးတယ်။ ဒါပေမယ့်။ သူတို့နဲ့တည့်နေတဲ့အချိန်ပဲ။ ဒါက သဘာဝပါ။
ဒါပေမယ့် ၁၇၊၁၈ဆိုတာ လုပ်ချင်တာတွေအများကြီးတွေ့တဲ့အရွယ်လေ။ အဲ့ထဲမှာ အိမ်သဘောမကျတဲ့အလုပ်တွေပါလာတတ်တယ်။ လမ်းဘေးကလေးလေးတွေ စာသွားသင်တာမျိုး။ သူတို့အမြင်မှာတော့ ဘာမှမရဘူးပေါ့လေ။ ကိုယ့်အတွက်ကျ ပျော်ရွှင်မှုနဲ့အတွေ့အကြုံက တကယ့်အရသာပဲ။ စာသင်တနေကုန်သွားပြီး အိမ်ကိုညမှပြန်ရောက်၊ စာမေးပွဲကနီးလို့ စာအုပ်ကိုင်တာမတွေ့တဲ့အခါ အိမ်က မကြည်တာ ဖြစ်သင့်ပါတယ်။ ဒီနေရာမှာ သူငယ်ချင်းတစ်ယောက်ပြောတာ သတိရတယ်။ ဘယ်နေရာဖြစ်ဖြစ် အရမ်းမလိမ္မာနဲ့တဲ့။ လိမ္မာလွန်းတဲ့အခါ နည်းနည်းလေးယိုင်ရင်တောင် မတန်တဆအပြောအဆိုခံရတတ်တယ်ပေါ့လေ။ တကယ်လည်းအဲ့တိုင်းပဲ။ သွေးတိုးစမ်းတဲ့သဘောနဲ့ လွတ်လပ်ရေးကိုဖြေးဖြေးချင်း တိုက်ယူကြည့်တဲ့အခါ အိမ်နဲ့ပိုခွာပြဲခဲ့တယ်။ စာသွားသင်ဖို့ အိတ်ထဲမှာပိုက်ဆံ၂၀၀။ အသွားလိုင်းကားစီး၊ စာသင်ပြီးနေ့လည်ကျ သူငယ်ချင်းတွေ ဝိုင်းကျွေးတဲ့ထမင်းကို အားနာနာနဲ့မျို ၊ နီးစပ်ရာဘော်ဒါတွေဆီက အပြန်ရထားလက်မှတ်ခ တရာချေး။ အိမ်အပြန်လမ်းမှာ Lil'z ရဲ့ အကယ်၍များသီချင်းက rap တွေ လိုက်ဆိုရင်း မွန်းကြပ်သမျှလျှော့။ "စိတ်ပြေလက်ပျောက်လမ်းတွေလျှောက် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ် "ဆိုတဲ့ စာသားနေရာတွေ အကြိုက်ဆုံးပဲ။ အဲ့လိုနေ့တွေ ရှိခဲ့တယ်။ အဲ့ထက်ဆိုးဝါးတာတွေ ထပ်ဖြစ်တယ်။ အဲ့အချိန်မှာ တကယ်လိုချင်တာ အလုပ်ပဲ။ အလုပ်ရှိရင် ပိုက်ဆံရမယ်၊ လုပ်ချင်တာလုပ်နိုင်မယ်ပေါ့လေ။ ခက်တာက ဒီနိုင်ငံမှာ part-time ဆိုတာ တော်တော်ရှားပါတယ်။ မရှိသလောက်ပဲ။
ညဘက်ကျရင် အလုပ်အကိုင်အခွင့်အလမ်းများဘာညာသာရကာဂရုတွေမှာ အလုပ်နေရာလွတ်တွေလိုက်ကြည့်တယ်။ အဲ့အချိန်မှာ ဒုတိယနှစ်ကျပြီး။ အိမ်က စကားလုံးဝမပြော။ အကျယ်ချုပ်သဘောလည်း ချလိုက်တယ်။ တသက်လုံးလိမ္မာခဲ့တဲ့အရှိန်နဲ့ ပက်ပက်စက်စက်လည်း မကြာခဏအပြောခံရတယ်။ မကျေနပ်ပေမယ့် ကိုယ့်အမှားလည်းအများကြီးပါတော့ တေးထားရတာပေါ့။ ပိုက်ဆံရှိရင် ငါလုပ်ချင်တာလုပ်လို့ရမယ်ဆိုတဲ့ အတွေးပဲရှိတယ်။ အလုပ်အကိုင်ဂရုတွေဝင်ကြည့်တော့ စိတ်ဓာတ်ကျစရာချည်းပဲ။ လစာထက် သူတို့လိုအပ်တဲ့ အရည်အချင်းတွေက အနည်းဆုံးဘွဲ့ရပဲ။ ဒီနိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့က သိန်းချီနေတာ ဒုတိယနှစ်ကျောင်းသားတစ်ယောက်က ဘယ်အပေါက်က သွားတိုးရပါ့မလဲ။ ဒီတော့ လုပ်စရာတစ်ခုပဲရှိတယ်။ Delivery ပို့မယ်။ ချိတ်ကလေးဘာလးရှာတယ်။ ရခဲ့တယ်။
ပထမဆုံးdelivery ပို့တဲ့နေ့က ကံစမ်းမဲပေါက်တော့တာပဲ။ ပို့ရတဲ့လိပ်စာက ရွှေတောင်ကြားထဲကို။google map နဲ့သွားပေမယ့် အထဲမှာ map နဲ့မတူပဲ လမ်းအပိတ်တွေဖြစ်နေလို့ လိပ်စာမတွေ့မချင်း နေပူထဲ ၂နာရီလောက်ခြေတိုအောင်လျှောက်လိုက်ရတယ်။ လိပ်စာတွေ့တော့လည်း ခြံစောင့်ခွေးကြီးတွေကြောက်ရလို့ အိမ်ရှင်ကိုလှမ်းအော်ခေါ်ရ။ အပြန်ကျတော့ ကျနော့်လက်ထဲမှာ ပိုက်ဆံ ၂၅၀၀ (၁၀၀၀ က serviceကို ပြန်ပေးရဦးမယ်)။ ကျန်တဲ့ပိုက်ဆံ ၁၅၀၀ကို ကျနော်မသုံးရက်ဘူး။ နှစ်ဆင့်စီးရမယ့်လမ်းကို ကားတဆင့်ပဲစီးပီး အိမ်ကိုလမ်းလျှောက်ပြန်လိုက်တယ်။ စိတ်ထဲမှာ လွယ်အိတ်ဇစ်ဖွင့်တိုင်း တွေ့ရတဲ့ပိုက်ဆံ၁၅၀၀ကို ကြည့်ပြီး ဝမ်းနည်းသလိိုလို ပျော်သလိုလို။ တကယ်မိုက်တဲ့ခံစားချက်ပါ။ အိမ်ကိုတော့ ဒီကိစ္စတွေအတွက် အပြစ်တင်စရာမရှိ။ အားလုံးက ကောင်းဖို့ဖြစ်လာတာ။ သူတို့နဲ့သာ ဒီလိုတွေမဖြစ်ခဲ့ရင် comfort ဇုန်ထဲ ကျနော်သာယာနေမိဦးမှာပဲကိုး။
အဲ့နောက် အကိုတစ်ယောက် အချိတ်အဆက်နဲ့ Telecom ကုမ္ပဏီတစ်ခုမှာအလုပ်ရတယ်။ လခနှစ်သိန်းကျော်။ အလုပ်က တစ်ခါမှမကြားဖူးတဲ့အလုပ်မျိုး။ ဖုန်းတာဝါတိုင်တွေရှိပါရောလား။ အဲ့တာဝါတိုင်တွေကို ကွန်ပျူတာနဲ့ထိုင်ကြည့်ပြီး ဆိုက်တွေဒေါင်းရင် သူ့နယ်က အင်ဂျင်နီယာဆီကို ဖုန်းဆက်ပြော၊ ဆိုက်ထဲပြေးခိုင်းရတာ။ အလုပ်က ပုလဲကွန်ဒိုမှာ။ အလုပ်ရှင်က အိန္ဒိယတွေ။ အဂ်လိပ်လိုပြောပေမယ့် ကုလားသံဝဲဝဲက တော်တော်နားထောင်ယူရတယ်။ အလုပ်မှာ အချိန်တော်တော်များများ အဂ်လိပ်လိုပဲ ပြောရတယ်။ ဘယ်လွယ်ပါ့မလဲ။ညဘက်လုပ်ရတဲ့ shift တွေဆို ပုလဲကွန်ဒိုကြီးက တိတ်ဆိတ်လို့။ အိပ်ရေးပျက်တော့ လူက ခြောက်ခြောက်ခြားခြားနဲ့။ ညဘက်အရေးပေါ် reportစရာရှိလို့ သူတို့ဆီဖုန်းဆက်ရင် သူတို့စကားက နားကိုမလည်တော့ဘူး။ညဘက်shiftပီးရင် နှစ်ရက်ပေးနားတာဆိုတော့ မနက်အိမ်ပြန်ရင် ကုက္ကိုင်းတံတားကြီးက လှနေတာပဲ။ ပျော်စရာအချိန်တွေ။ အလုပ်နဲ့လစာကိုသဘောကျပေမယ့် ဘွဲ့ကလည်းမဖြစ်မနေလိုတာကြောင့် ကျောင်းပြန်ဖွင့်တော့ အလုပ်ထွက်ခဲ့ရပြန်တယ်။
ကျောင်းဆက်တက်ရင်း အလုပ်ခေါ်စာတစ်ခုတွေ့တယ်။ စာရေးရမယ်။ အိမ်ကရေးလို့ရတယ်။ စာက ဘာသာပြန်တဲ့။ ခုပွထနေတဲ့ ကလစ်နှိပ်ဖတ်ရတဲ့ သတင်းပေ့ချ်တွေ ခေတ်ဦးပေါ့လေ။ ကံအားလျော်စွာနဲ့ ကိုယ့်sample ပြန်ပြတာကို သဘောကျပြီး အလုပ်ရတယ်။ဘာသာပြန်တပုဒ် ၁၅၀၀။ ဖုန်းတလုံးနဲ့ ဇက်ကြောတက်၊ပါဝါတိုးအောင်အလုပ်လုပ်ရတယ်။ ဒါပေမယ့် ပျော်စပြုလာတယ်။ စာရေးတာက ကိုယ်တတ်တဲ့ပညာ။ ဝတၳုရေးဘာညာကို မဟုတ်။ ဝါကျဖြစ်အောင် ကျကျနနဘာသာပြန်တာတော့ စာဖတ်ရှိန်ကြောင့် အဆင်ပြေခဲ့တယ်။ စာဖတ်တာ မပိတ်ပင်ခဲ့တဲ့မိဘတွေကို ကျေးဇူးတင်ရပါတယ်။
အဲ့ဒီနောက်ကတော့ ရေလိုက်ငါးလိုက်နဲ့ အားထည့်အလုပ်လုပ်ခဲ့ရုံ။ သင်ယူစရာတွေသင်ယူ။ ဘာသာပြန်ကနေ content writing ဘက်ကို စမ်းတဝါးဝါးနဲ့ထပ်ရောက်။ ရသလောက်လေ့လာ။ ခုတော့ အပြင်က အပ်တဲ့ page လေးတွေပါ ကိုင်၊ content calender လေးဘာလေးဆွဲပေး၊ အချိန်တန် အိမ်ကိုလစာအပ်၊ ကိုယ်လည်းသုံး၊ ပိုက်ဆံပြတ်တော့ သူတို့ဆီကပြန်ဆွဲပေါ့။ သူတို့ကလည်း ကိုယ့်ကိုစိတ်ချလက်ချနဲ့ နားလည်မှုပေးတော့ လုပ်ချင်တာလုပ်လို့ရပြီ။ (မရလို့လည်းမရ အသက်လည်း ၂၁ဖြစ်ခဲ့ပြီကိုး) အလုပ်မရှိကာစကလို စိတ်ဓာတ်ကျစရာတော့မရှိ။ အလုပ်လမ်းကြောင်းလေးတွေက ရှာတတ်သလောက်ရသွားပြီကိုး။ ပိုက်ဆံရှာ၊ တောင်တက်၊ ကျောင်းတက်၊ စာအုပ်ဝယ်၊ စာလေးဘာလေးရေး။ နေပျော်တဲ့ ပုံမှန်ဘဝပါပဲ။
အခုတော့ တခုခုကို ကျွမ်းကျင်ရင် ပိုက်ဆံပေးမယ့်သူရှိတယ်ဆိုတာ သိလာတယ်။ ဝမ်းစာပိုဖြည့်ရတယ်။ ဒါ ၁၈နှစ်သားတစ်ယောက်အကြောင်းပါပဲ။ ဘာသင်ခန်းစာညာသင်ခန်းစာယူပါလို့ စောက်ဆရာကြီးလုပ်ဖို့စိတ်ကူးမရှိပါဘူး။ အပျော်သဘောဖတ်ပါ။ ကျနော်လည်းပေါ့ပေါ့ပါးပါးရေးပါတယ်။
-ဆပ်ရိပ်
၁၉.၁၀.၁၉
လက်ရှိခံစားချက်နဲ့ထပ်တူပါပဲ
ReplyDeleteလိုချင်တာလုပ်ချင်တာတွေများလာတယ်
အမှီအခိုကင်းချင်ပြီး အလုပ်လုပ်ချင်စိတ်အရမ်းဝင်နေတယ်
ဖြစ်ချင်တာတွေရှိပြီး ဘာမှချလုပ်လို့မရတဲ့ Feeling မျိုးတွေနဲ့ ဂယောက်ဂယက် ။