လမ်း



လမ်း 

စိတ်က ဖျတ်ခနဲ တိုက်ခတ်လိုက်တာနဲ့
ငါကလမ်းပေါ်  ဘုတ်ခနဲ
ငါပဲ လွင့်နေတဲ့ သစ်ရွက်
ငါပဲ ကိုယ့်ကိုယ်ကိုခုတ်လှဲဖို့
ခဏခဏကြိုးစားတဲ့ သစ်ပင်။

ဆုံးရှုံးခြင်းက တိုက်စားခြင်း
ဖြည်းဖြည်းချင်း
ငါ့အတွင်းသား တဖဲ့ချင်း
ဗလာဟင်းလင်း
အိပ်မက်နဒီ
ညနေခင်းမှာ တိမ်တွေကိုဖြတ်
ပျံသန်းခဲ့တဲ့ နေရောင်ခြည်

အစရှိသည်တို့ကို ငေးရင်း
အစရှိသည်တို့၌ မောရင်း
အစရှိသည်တို့အား နားလည်ဖို့ကြိုးစားရင်း။

မိုးမိသွားတဲ့ ခိုတစ်ကောင်အတွက်
အတောင်ပံတွေရဲ့ လေးလံမှုဟာ နှစ်ဆပဲ
မပျံပဲနေလည်း ကျိုးကျမယ့်ကိုင်းတွေ
ရှေ့မှာ ငါ့ကိုစောင့်နေမယ်
ကော်ဖီတစ်ခွက်နဲ့
ငါ့ညနေတစ်သက်ဖြစ်ခဲ့တယ်။

လူမရှိတဲ့ကားဂိတ်တွေမှာ
ငါအမြဲရှိ
လူမရှိတဲ့ကားပေါ်မှာလည်း
ဒေလီယာပန်းနံံ့တွေ..။

-ဆပ်ရိပ်
၁၉.၁၀.၁၉


Comments