ချစ်ခြင်းမေတ္တာ
(Unicode)
တစ်ရက်က အပြင်သွားတော့ ညနေဘက်ကျောင်းဆင်းချိန်ပေါ့။ တစ်နေ့လုံး ရွာထားတဲ့မိုးကြောင့် လမ်းက စိုစိုစွတ်စွတ်။ ကောင်းကင်က အုံ့အုံ့မှိုင်းမှိုင်းနဲ့။ ဘာရယ်မဟုတ် စက်ဘီးအကြာကြီးစီးရင်း လမ်းတွေ၊လူတွေကို ကျနော်လိုက်ကြည့်နေခဲ့မိတယ်။
တစ်နေရာရောက်တော့ နွားနို့ဆိုင်တစ်ဆိုင်ကိုတွေ့တယ်။ ဆိုင်ဆိုပေမယ့် mini mart တစ်ခုရှေ့မှာ လှည်းလေးထိုးပြီး ကော်ခုံသုံးလေးခုံနဲ့ဖွင့်ထားတာပါ။ ဆိုင်ရှင်က သူ့ရဲ့နွားနို့ဒယ်အိုးကြီးအောက်က မီးဖိုကို ယပ်တောင်နဲ့တဖျတ်ဖျတ်ခတ်လို့နေတယ်။ သူ့နားက ကော်ခုံလေးတစ်ခုမှာတော့ သားအဖနှစ်ယောက်ထိုင်နေတယ်။ အဖေဖြစ်သူက စွပ်ကျယ်ခပ်နွမ်းနွမ်းကိုဝတ်လို့ ။ သူတို့နားမှာ ဆိုက်ကားတစ်စီးရပ်ထားတယ်ဆိုတေ့ာ ဆိုက်ကားဆရာဖြစ်ဖို့များပါတယ်။ သူ့သမီးလေးက ၂တန်းအရွယ်လောက်၊ အရောင်သိပ်မလတ်တဲ့ အဖြူအစိမ်းအကျႌလေးနဲ့။ မိုးအေးတဲ့ညနေခင်းတစ်ခုမှာ သူတို့နှစ်ယောက်နွားနို့ထိုင်သောက်နေကြတာရယ်။ ပူနေတဲ့နွားနို့ခွက်ကို ကိုင်ပြီး အဖေက သူ့သမီးကို တစ်ဇွန်းချင်းတိုက်နေတယ်။ ကလေးလေးကလည်း အဖေ့ဆီက နွားနို့တစ်ဇွန်းဆီသောက်လို့၊ ပြုံးလို့ရယ်လို့ပါပဲ။ အဲ့မြင်ကွင်းကို ကျနော်အရမ်းချစ်မိတယ်။ ကျနော်သာ street photographer တစ်ယောက်ဖြစ်မယ်ဆိုရင် သူတို့ရဲ့ ဒီမြင်ကွင်းလေးကို ဓာတ်ပုံလှလှလေးတစ်ပုံနဲ့ မှတ်တမ်းတင်ထားမိမှာသေချာတယ်။ ဆိုပေမယ့် ဖုန်းလည်းမပါလာလို့ ဒီစာတွေကိုသာ ရေးဖြစ်တယ်ဆိုပါတော့။
တလတ်စတည်း စဉ်းစားမိတာက ချစ်ခြင်းမေတ္တာကို ပုံဖော်နေကြတဲ့အခါ လူတွေဟာ သိပ်လှပနေတယ်ဆိုတဲ့အကြောင်းကိုပဲ။ ချစ်ခြင်းမေတ္တာကို ကျနော်တို့ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ။ ကျနော့်အထင်ကတော့ ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်ယောက်ရဲ့ လွတ်နေတဲ့ကွက်လပ်ထဲကို အနွေးဓာတ်တွေထည့်ပေးပြီး အသက်ရှင်သန်နေမှုကို အဓိပ္ပါယ်ပိုရှိစေတာမျိုးပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ခက်ခဲကြမ်းတမ်းတဲ့နေ့တွေရှိလာမှာ။ အဲ့အခါကျရင် လူတွေဟာ ချစ်ခြင်းမေတ္တာဆီက အနွေးဓာတ်လေးနဲ့ အသက်ရှူဖို့လိုအပ်လာမှာရယ်။ လူသားတိုင်းဟာ ချစ်ခြင်းမေတ္တာရရှိကြဖို့ ထိုက်တန်ပါတယ်။
မိဘမဲ့ကလေးတွေကို သွားပြီးလှူဒါန်းကြတဲ့အခါ ရိုက်တဲ့ဓာတ်ပုံတွေမှာ ဘယ်လောက်ပဲ ကိုယ်ဟန်အမူအရာပျက်ယွင်းနေပစေ လှပနေတာပဲမှတ်လား။ ချစ်ခြင်းမေတ္တာကို ပုံဖော်နေကြတဲ့အခါ လူတွေဟာ သိပ်လှပနေတယ်ဆိုတာနဲ့ ဆက်စပ်ရင်ပြောပါတယ်။ ချစ်သူဆီက လက်ဆောင်ရတဲ့အခါ ၊ သူငယ်ချင်းဆီက လိုအပ်နေတဲ့အကူအညီတစ်ခုခုရတဲ့အခါ ကျနော်တို့ဆီမှာဖြစ်လာတဲ့အပြုံးတွေနဲ့အသက်ရှူသံတွေဟာ ချစ်ခြင်းမေတ္တာရဲ့ မြင်ကွင်းတွေပါပဲ။ ပြီးခဲ့တဲ့လကုန်ရက်တုန်းက ကျနော့်ရဲ့သိပ်မများလှတဲ့ လခလေးကို အဖေ့ဆီအပ်တယ်။ အဖေက ပြုံးပြီး ကျေးဇူးတင်ပါတယ်လို့ပြောတယ်။ အဖေ့ရဲ့အပြုံးဟာ ပိုက်ဆံပမာဏကြောင့်မဟုတ်မှန်း ကျနော်သိသားပဲ။ ကျနော်တတ်နိုင်သလောက် ပြန်ပေးရတာက ကျနော့်ရဲ့သူ့အပေါ်ထားတဲ့ချစ်ခြင်းပါ။ သူပြုံးပြီးပြန်ပြောတာကို မြင်ယောင်ပြီး ကျနော်ပျော်နေခဲ့တယ်။
ချစ်ခြင်းမေတ္တာကို ပုံဖော်ကြတဲ့နေရာမှာ လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို လုပ်ဆောင်နေကြတာရယ်။ တန်ဖိုးအနည်းအများ ၊ပမာဏအနည်းအများဆိုတာထက် မေတ္တာတရားရဲ့ တန်ဖိုးနဲ့ပဲ ပျော်ရွှင်ကျေနပ်စေတာမျိုးပါ။ ကျနော်ငယ်ငယ်က အိမ်ပြန်ဖို့လူကွဲပြီးကျန်ခဲ့တဲ့အဘွားအိုတစ်ယောက်ကို အိမ်ထိ မရမကကားနဲ့လိုက်ပို့ပေးတဲ့ ဦးလေးကြီးတစ်ယောက်ကိုမြင်ဖူးတယ်။ ဆယ်ကျော်သက်ဘဝတစ်ခုလုံးကို ပရဟိတအလုပ်တွေ၊ ကလေးတွေကိုစာသင်တာတွေနဲ့ အချိန်ပေးရင်း သူတ့ိုအတွက်ကြည့်ဖို့တောင် မေ့လျေ့ာနေတဲ့ သူငယ်ချင်းတွေလည်း တွေ့ဖူးတယ်။ မပြည့်မစုံရွာကျောင်းကလေးတွေမှာပဲ စာသင်ရင်းအခြေချသွားတဲ့ ဆရာတွေအကြောင်းကြားဖူးတယ်။ ချစ်သူဆီက ဘောပင်လက်ဆောင်ကြောင့် ပျော်ရွှင်နေတဲ့ဘော်ဒါတစ်ယောက်လည်းတွေ့ဖူးတယ်။အားလုံးက ချစ်ခြင်းမေတ္တာရဲ့ လေးနက်မှုကို ပုံဖော်ဖို့ နိုင်သလောက် ကြိုးစားနေခဲ့ကြတာပဲ။ သိပ်ချစ်ဖို့ကောင်းပါတယ်။
ကျနော်သဘောကျတဲ့ အနုပညာရှင်တစ်ယောက်က ပြောခဲ့ဖူးတာတစ်ခုရှိတယ်။ စကားလုံးအတိအကျမမှတ်မိပေမယ့် ကျနော်မှတ်မိသလောက်ပြောရရင် "ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ကွက်လပ်တွေ အများကြီးရှိတယ်။ အဲ့ကွက်လပ်တွေကို ဖြည့်ဖို့ကြိုးစားနေတဲ့လူတိုင်းကို ကျနော်ချစ်ပါတယ်"တဲ့။ သူပြောသလိုပြောရရင် ချစ်ခြင်းမေတ္တာကို ပုံဖော်ဖို့ကြိုးစားနေသူတိုင်းကို ကျနော်ချစ်ရပါတယ်။ ထူးအိမ်သင်ကလည်း " ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာလောက် အလေးအမြတ်ပြုအပ်သောအရာသည်မရှိ" တဲ့။ ချစ်ခြင်းမေတ္တာသာ နေရာတိုင်းမှာ ရှိနေရင် အားလုံးက ငြိမ်းချမ်းနေမှာပဲ။ ကျနော့်ကို တစ်ယောက်ယောက်က ဘလိုင်းကြီး စောက်မြင်ကပ်နေတဲ့အခါ ကျနော်ကလည်းဘာမှမတုံ့ပြန်ပဲ နေပါစေကွာလို့ တွေးပြီး ရပ်ထားလိုက်တယ်။ ဆက်ပြီးပူလောင်နေမယ့်အစား ကျနော်တတ်နိုင်တဲ့ ထောင့်ကလေးကနေ ကမ္ဘာကြီးရဲ့ကွက်လပ်တွေကို ဖြည့်သွားခဲ့ချင်တယ်။ဒီလောက်ပါပဲ။
-ဆပ်ရိပ်
၈.၉ ၁၉
Sweet🖤
ReplyDelete