မြို့ပြည
လင်းထိန်နေတဲ့ ကြော်ငြာဘုတ်တွေနဲ့ ကားမှတ်တိုင်ဟာ သူ့ကိုယ်သူအလင်းရောင်ပြန်ပေးနေသလိုမျိူး လမ်းနံဘေးမှာ အထီးကျန်ရပ်လို့။ မြို့ပြရဲ့ကောင်းကင်ယံမှာ ကြယ်တွေမရှင်သန်နိုင်ကြဘူးလား။ မော့ကြည့်လိုက်တိုင်း အဆောက်အဦးအမြင့်ကြီးတွေပဲရှိတယ်။ လမ်းမီးရောင်နည်းသွားတဲ့နေရာတွေရောက်ရင် လမ်းဘေးအိပ်နေတဲ့သူတွေကို တွေ့ရတယ်။ ညနက်လေ အပြင်မှာပိုပြီး အေးစက်လာလေပဲ။ အိမ်အမြန်ပြန်ရောက်ချင်နေမိတယ်။
ကားပေါ်ရောက်တော့ ငိုက်မြည်းနေတဲ့သူစိမ်းတွေရဲ့ မျက်လုံးတွေဟာ ကျနော့်ဆီခဏရောက်လာတယ်။ ပြီးတော့ ဆက်ပြီး ငိုက်မြည်းနေကြပြန်တယ်။ လမ်းပေါ်မှာ ကားတွေပဲရှိတော့တယ်။ လျှံထွက်နေတဲ့ အမှိုက်ပုံးကို ခွေးတစ်ကောင်က နှုတ်သီးနဲ့ထိုးပြီး မွှေနှောက်လို့။ ကားပြတင်းပေါက်ကနေ နီယွန်ဆိုင်းဘုတ်တွေနဲ့ ပိတ်ထားတဲ့ဆိုင်ခန်းတွေကို မြင်နေရတယ်။ ကားတစ်ကားလုံး ပင်ပန်းနွမ်းလျနေတဲ့မျက်လုံးတွေပြည့်နေမယ်လို့ ခံစားမိလာတယ်။
မြို့ပြဟာ ကျနော့်အတွက် အိမ်ပဲ။တဆက်တည်းမှာပဲ လျှောက်လို့မဆုံးတဲ့လမ်းတွေလည်းဖြစ်ခဲ့တယ်။ သူစိမ်းတွေရဲ့ အကြည့်တွေအောက် ကျုံ့ဝင်ခဲ့ဖူး ၊ ကိုယ့်ကိုယ်ကိုလည်းပျောက်ဆုံးခဲ့ဖူး ၊ ပင်ပန်းလွန်းတဲ့နေ့တွေမှာ အိမ်ပြန်ရောက်တာနဲ့ တန်းအိပ်ပျော်ခဲ့ဖူးပေါ့။ ပြည့်ကျပ်နေတဲ့လူအုပ်ထဲ အတူလမ်းလျှောက်ရင်း သူတို့ရှာဖွေနေကြတဲ့ သူတို့ဘဝရဲ့အဓိပ္ပါယ်အကြောင်း ၊ သူတို့မျက်နှာပေါ်မှာ ဖော်ပြမထားတဲ့ အထီးကျန်မှုတွေအကြောင်း သိချင်ခဲ့ဖူးတယ်။ လူကူးမျဥ်းကျားပေါ်မှာ ပလက်စတစ်ဘူးခွံတစ်ခု တင်ကျန်နေ။ အဲ့ဘူးခွံပေါ်ကို မီးပွိုင့်ဆီက မီးရောင်နီနီက အလင်းပြန်နေ။ အားလုံးက ပုံစံတမျိုးနဲ့တော့ လှပနေခဲ့ကြတာပဲ။
အသက်ရှင်သန်မှုက်ို ကျနော်တို့မပိုင်ဘူး။ ကျနော်တို့ရဲ့နေ့တိုင်းကိုတောင် ကျနော်တို့မပိုင်ဘူး။ ဖြစ်မလာတဲ့အိပ်မက်တွေအပြီးမှာ အခြားသောဘဝတစ်ခုနဲ့ဒီလိုပဲ နေသားကျခဲ့ရသူတွေ ရှိနေမှာပဲ။ မျက်နှာကို အရမ်းတိုးနေတဲ့လေတွေကြောင့် မျက်လုံးတွေမှိတ်ထားလိုက်မိတယ်။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေကို ရုတ်တရက်သတိရတယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ အတူရီမောခဲ့ကြဖူးတဲ့သူတွေနဲ့ ဆယ်ကျော်သက်ဘဝတွေ ညနက်နက်လမ်းပေါ်မှာ မှတ်ဥာဏ်အနေနဲ့ ပြန့်ကျဲထွက်ခွာနေကြတယ်။
ဘယ်လောက်ထိ အသက်ရှင်နေထိုင်ကြရဦးမလဲ။ လမ်းတွေဘယ်လောက်ဝေးလဲ။ အသက်ရှင်သန်ခြင်းမှာ စိတ်ရှင်သန်ခြင်းက ဘယ်လောက်ရာခိုင်နှုန်းပါဝင်နေမှာလဲ။ ဘဝတစ်ခု။ ချစ်ခြင်းမေတ္ထာတစ်ခုခု။ ဒဏ်ရာဒဏ်ချက်တွေက တစ်ခုမက။
(*Via the song"City of angles" by Thirty seconds to Mars)
-ဆပ်ရိပ်
၆.၁၀. ၁၉
Comments
Post a Comment