ရုပ်ရှင်တစ်ကားအကြောင်း


Life of Pi ဆိုတဲ့ ရုပ်ရှင်ကားလေး ကြည့်ဖူးလား။လူတစ်ယောက် နဲ့ ကျားတစ်ကောင်အကြောင်း ရိုက်ထားတဲ ဇာတ်လမ်းတစ်ပုဒ်။ပိုပြီးပြည့်ပြည့်စုံစုံပြောရရင် ဖောင်လေးတစ်စင်း၊လူတစ်ယောက် နဲ့ ကျားတစ်ကောင်ပေါ့လေ။ရုပ်ရှင်ကိုကိုယ်ကြည့်ခဲ့တာကြာပြီဆိုတော့ တစ်ချို့အခန်းတွေ မေ့တောင်နေပြီ။ တစ်ခုရှိတာက ဒီမှာကိုယ်အဓိက ပြောချင်တာက ရုပ်ရှင်ရဲ့ဇာတ်ကြောင်းမဟုတ်ပါဘူး။ရုပ်ရှင်က ဘယ်သူမဆိုကြည့်လိုက်ရင် ဇာတ်လမ်းသိသွားမှာပါပဲ။ဒါပေမယ့် ကိုယ်ပြောချင်တဲ့ဆီ ရောက်ဖို့အတွက် ကိုယ်မှတ်မိသလောက် ဇာတ်လမ်းလေးတော့ အကျဉ်းပြောပြမှဖြစ်မယ်။ဇာတ်လမ်းကဒီလို။

တိရစ္ဆာန်ရုံပိုင်ရှင်တစ်ယောက်ရှိတယ်။သူ့မှာ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်လာမယ့် သားတစ်ယောက်ရှိတယ်။သူ့တိရစ္ဆာန်ရုံက အစိုးရ တိရစ္ဆာန်ရုံတွေလောက် မကြီးရင်တောင် သူ့မှာလည်းတိရစ္ဆာန်ကြီးတွေအများကြီးပဲ။ဆင်ရှိတယ်။မျောက်ရှိတယ်။ကျားရှိတယ်။သစ်ကုလားအုတ်ရှိတယ်။ စသဖြင့်ပေါ့။တစ်နေ့တော့ သူတို့ရဲ့လက်ရှိအခြေကိုစွန့်ပြီး တစ်ခြားတစ်နေရာမှာ နေကြဖို့ဖြစ်လာတယ်။တိရစ္ဆာန်တွေကိုလည်း ရောင်းရတာပေါ့။ဆိုတော့ နေရာသစ်ကိုသွားဖို့အတွက် သူတို့မိသားစု သဘောင်္တစ်စီးနဲ့ ထွက်လာခဲ့ကြတယ်။သူတို့ချည်းပဲတော့မဟုတ်ဖူး။တစ်ခြားတစ်ယောက်ကို လက်လွှဲရောင်းမယ့် တိရစ္ဆာန်တွေကိုလည်း သဘောင်္ဝမ်းဗိုက်ထဲ ထည့်လာခဲ့့ကြတယ်။အဲ့တိရစ္ဆာန်တွေထဲမှာ ဇာတ်လမ်းရဲ့နောက်ထပ်ဇာတ်ကောင်တစ်ကောင်ဖြစ်လာမယ့် ကျားကြီးတစ်ကောင်ပါလာတယ်။သူ့နာမည်က ရစ်ချက်ပါကားတဲ့။

ဆိုတော့ တစ်ညမှာ သူတို့အိပ်နေကြတုန်း သူတို့သင်္ဘောက မုန်တိုင်းမိပြီး နစ်တော့တာပဲ။လူသူဆိုလို့ တိရစ္ဆာန်ရုံပိုင်ရှင်ရဲ့ သားတစ်ယောက်ပဲ လွတ်ခဲ့တယ်။ဖောင်လေးတစ်စင်းပေါ် သူတက်တယ်။ရေစီးထဲမျောလာခဲ့တယ်။သဘောင်္ပျက်ထဲက တိရစ္ဆာန်တွေလည်း သေတာလည်းသေကုန်ကြတာပေါ့။တိရစ္ဆာန်ထဲက လေးငါးကောင်လောက်ပဲ သူ့ရဲ့ဖောင်ပေါ် ရောက်လာကြတယ်။သေမှာကြောက်တဲ့စိတ်နဲ့ ကူးရင်းခတ်ရင်းပေါ့။အဲ့ထဲမှာ ကျားကြီးရစ်ချက်ပါကားလည်း ပါခဲ့တယ်။ အစကတော့ ကျားကြီးကို ဖောင်ပေါ်တက်လို့မရအောင် သူရိုက်ထုတ်ပါသေးတယ်။ဒါပေမယ့် မအောင်မြင်ဘူး။ရေတွေရွှဲနစ်နေရင်း သေငယ်ဇောတက်နေတဲ့ ကျားကြီးက ဖောင်ပေါ်ရအောင်တက်လာခဲ့တယ်။ဇာတ်လမ်းကခုမှစတာလို့ ဆိုရမလိုပဲ။

ဆိုတော့ အားလုံးက အသက်ရှင်ချင်ကြတာပဲ။အသက်ရှင်ဖို့ရုန်းကန်ရတာလေးတွေရှိလာတယ်။ကြားထဲမှာ ဖောင်ပေါ်က တစ်ခြားတိရစ္ဆာန်တွေ ပဋိပက္ခတွေ၊အကြောင်းအမျိုးမျိုးတွေနဲ့ သေဆုံးကုန်ကြတော့ သူနဲ့ကျားကြီးပဲကျန်တော့တာပေါ့။ကျားကြီးကိုအစာလေးဘာလေးကျွေးပြီး ရင်းနှီးအောင်ကြိုးစားပေမယ့် ထင်သလောက်မလွယ်ဘူး။အဲ့တော့ သူ့မှာ ကျားကြီးကို ကြောက်လွန်းလို့ ညဘက်အိပ်ရင်တောင် စားနပ်ရိက္ခာဘူးတွေစည်းထားတဲ့ အထုတ်ကြီးကို ဖောင်နဲ့တွဲချည် ၊နောက် အဲ့ပေါ်မှာခုန်တက်ပြီး ဖောင်နဲ့လှမ်းလှမ်းမှာ အိပ်နေရတယ်။သမုဒ္ဒရာကြီးကအဆုံးမရှိ။ကြယ်တွေကလှလိုက်တာ။ဖောင်လေးပေါ်ကျောခင်းထားတဲ့သူ့ရဲ့အောက်ရေပြင်မှာ ရေပြာလဲ့လဲ့နဲ့ငါးကြီးတွေကူးခတ်လို့။ဘယ်အချိန်ထိ ဦးတည်ရာမဲ့မျောပါအသက်ရှင်နေရမယ် သူမသိ။ဖောင်ပေါ်မှာတစ်ကောင်တည်းမင်းမူနေတဲ့ ရစ်ချက်ပါကားဆိုတဲ့ ကျားကြီးလည်းမသိ။

အချိန်တစ်ခုကြာလာတော့လည်း မရင်းနှီးရင်တောင် ရစ်ချက်ပါကားနဲ့ သူနဲ့ စိမ်းတော့မစိမ်းကားတော့ပါဘူး။ကျားကြီးကလည်း သူ့ကိုထကိုက်စားဖို့ပုံစံမတွေ့ရဘူး။
ကျားနဲ့သူနဲ့တောင် တစ်ဖောင်တည်းနေရဲလာတယ်။
ရာနှုန်းပြည့်ယုံရတာမျိုးမဟုတ်ပေမယ့် ယုံကြည်မှုဆိုတာလည်း တစ်ခါတစ်လေ ဒီလိုပဲမဝံ့မရဲစိတ်ချနေကြည့်လိုက်ရတာပဲမှတ်လား။တစ်ရက်တော့ သူတို့ကျွန်းမျောတစ်ခုဆီရောက်သွားခဲ့တယ်။
ရေထဲမျောနေမယ့်အတူတူ ရေတွေ အစာတွေရှိတဲ့ ဒီကျွန်းမယ် သူအမြဲနေမယ်စိတ်ကူးပေမယ့် ကျွန်းကမြွေပါတွေအပြည့်၊အပင်တွေကလည်း ညဘက်လူသားစားတယ်ဆိုတာ သိရတဲ့နောက် တစ်ညပဲအိပ်ပြီး ရိက္ခာတွေဖြည့် နောက်နေ့ဖောင်လေးနဲ့ဆက်သွားဖို့ပြင်ရပြန်တယ်။ကျားကြီးကလည်း ကျွန်းမှာရပ်တည်းက ဆင်းသွားပြီဆိုတော့ သူ့အတွေးမှာ သူတစ်ယောက်တည်းဘာမှကြောက်စရာမရှိတော့ပဲ အေးဆေးဆက်သွားနိုင်ပြီပေါ့လေ။ဒါပေမယ့် သူထွက်ခါနီးမှာ ကျားကြီးက ရောက်လာခဲ့တယ်။ သူဒွိဟဖြစ်သွားတယ်။ဖြည်းဖြည်းချင်းခွာနေတဲ့ဖောင်ကို ကျားကြီးက ငြိမ်သက်စွာငေးကြည့်နေခဲ့တယ်။နောက်ဆုံး သနားတာရော သံယောဇဉ်ရောနဲ့ လာပါသားကြီးရာဆိုတဲ့စိတ်လေးနဲ့ ဖောင်ပေါ်တက်ခိုင်းတော့ ကျားကြီးက ခုန်တက်လာပြီး အရင်လိုပဲ ငြိမ်ငြိမ်လေးလိုက်လာတော့တယ်။ မေတ္တာတရားက ဒီလိုလည်းလှတတ်တယ်ရယ်။

နောက်ဆုံးမတော့ သူတို့နှစ်ယောက်ဟာ လူသူတွေနေတဲ့ ကျွန်းတစ်ကျွန်းပေါ်ရောက်ရှိသွားကြတော့တယ်။ဇာတ်ကားရဲ့ အဆုံးသတ်ကလေးပေါ့။ဖောင်က ကမ်းကိုကပ်တာနဲ့ ကျားကြီးရစ်ချက်ပါကားဟာ သူ့ကိုကျောခိုင်းပြီး ဟိုးအဝေး တောအုပ်ကြီးဆီ ခပ်ဖြေးဖြေး ဦးတည်သွားနေခဲ့တယ်။သူကလည်း ကျားကြီးကိုနောက်ကနေ ငေးမောနေခဲ့တယ်။ သူ့မျက်ဝန်းတွေဟာ အသက်ရှင်ဖို့အတွက်  တစ်လျှောက်လုံးအတူ ခက်ခက်ခဲခဲ အတူတူဖြတ်သန်းခဲ့ရတဲ့အချိန်တွေအတွက် ရစ်ချက်ပါကားဆီမှာ တစ်စုံတစ်ရာလေးများ ရှိမလားဆိုတဲ့ အတွေးနဲ့ ရီဝေနေတယ်။ခဏလောက်လေး လှည့်ကြည့်ပြီး နှုတ်ဆက်လိုက်တာလေးပဲဖြစ်ဖြစ်ပေါ့ကွာ။ရစ်ချက်ပါကားက ခဏတော့ ရပ်လိုက်ပါသေးတယ်။ဒါပေမယ့် လုံးဝလှည့်မကြည့်တော့ပဲ တောထဲကိုပဲဦးတည်ထွက်ခွာရင်း ပျောက်ကွယ်သွားတော့တယ်။သူတို့ဘယ်တော့မှပြန်မဆုံကြတော့ဘူး။

ဒီအကြောင်းနဲ့ပတ်သတ်လို့ ရုပ်ရှင်ရဲ့နောက်ဆုံးမှာ
သူပြောခဲ့တဲ့စကားကတော့ "ငါထင်တာကတော့ အဆုံးသတ်မှာ ဘဝတစ်ခုလုံးက ထွက်သွားခွင့်ပြု ခြင်း အနုပညာအကြောင်းပဲ။" တဲ့။

ရစ်ချက်ပါကားရဲ့ သံယောဇဉ်နဲ့အသိအမှတ်ပြုမှုလေးကို  သူမျှော်လင့်ခဲ့ပါတယ်။ တိရစ္ဆာန်မှန်းသိပေမယ့် မျှော်လင့်ချက်ကတော့ မျှော်လင့်ချက်အတိုင်းပါပဲ။
နှုတ်မဆက်ပဲ ထွက်ခွာသွားမှုကို သူမခံစားနိုင်ခဲ့ဘူး။ဒါပေမယ့် လက်ခံလိုက်ရတာပဲရယ်။ဇာတ်ကားထဲက ပိုင် တဖြစ်လဲ ဇာတ်ဆောင်မင်းသားရဲ့ မျက်ဝန်းမျိူး နားလည်ရခက်သူတွေဆီ ကိုယ်တို့ငေးကြည့်ခဲ့ဖူးသလား။ သံယောဇဉ်တွေအတွက်အသိအမှတ်ပြုမှုတစုံတရာ မျှော်လင့်ခဲ့ကြဖူးသလား။မျှော်လင့်ပြီးနောက်ရော ရရှိခဲ့ကြဖူးသလား။ Life of Pi ရုပ်ရှင်ဟာ ကြည့်ပြီးရက်ပိုင်းလောက်အထိ ကိုယ့်ကိုဟာတာတာဖြစ်စေခဲ့တဲ့ အကြိုက်ဆုံးရုပ်ရှင်လည်းဖြစ်ခဲ့ဖူးတယ်။

-ဆပ်ရိပ်
၂၃.၄.၂၀

Comments