မင်းမဖတ်မယ့်စာတွေ
မင်းမျက်ဝန်းတွေကိုမှိတ်လိုက်တဲ့ တစ်ချို့သောအခိုက်အတန့်တွေမှာ ဖျတ်ခနဲဖြစ်ဖြစ် မင်းစိတ်ထဲ ငါရှိခဲ့ဖူးလား။ တကူးတကမဟုတ်လည်း မတော်တဆဖြစ်ဖြစ် ငါ့ကိုသတိရခဲ့ဖူးလား။ ဒီမေးခွန်းတွေ မင်းကိုမမေးမိခင်မှာပဲ လူကူးတံတားပေါ်က လက်ရန်းတွေ သံချေးတက်ခဲ့တယ်။ ဒေါ်လာဈေးတက်လာတယ်။ ပိတောက်တွေပွင့်ချိန် နောက်ကျခဲ့တယ်။ ငါတို့မတွေ့ဖြစ်တော့တဲ့ ပထမမိုးရာသီဟာ မိုးတော်တော်နည်းတယ်။ အဲ့ဒီနောက် လမ်းကူးနေတဲ့တိမ်တွေဟာ လေငြိမ်သွားတဲ့ ဆူးလေလမ်းမပေါ်မှာ ရပ်တန့်နေခဲ့ကြတယ်။
လူတစ်ဦးတစ်ယောက်ဟာ တစ်ယောက်ယောက်ရဲ့ သတိရစိတ်မှာ အချိန်ဘယ်လောက်ကြာကြာ နေထိုင်နိုင်လိမ့်မယ်လို့မင်းထင်လဲ။ ဒီဘက်နှစ်တွေမှာ သတိရခြင်းဟာ လုပ်ယူစရာမလိုပဲ စာပိ့ုရထားတစ်စင်းလို မကြာခဏရောက်လာခဲ့ပါတယ်။ အကြောင်းအရာအမျိုးမျိုး ၊ အဖြစ်အပျက်တွေအများကြီးဟာ ငါ့မှတ်ဉာဏ်ရဲ့ နေရာအနှံ့အပြားကနေ ငါ့ကိုတိုက်ခိုက်နေခဲ့ကြတယ်။ သူတို့ကနေတဆင့် မင်းကိုသတိရဖို့ ငါ့နားထဲမှာ တဆစ်ဆစ်အသံပေးခဲ့တယ်။ ဓာတ်ကြိုးပေါ်မှာ ငှက်တွေအတန်းလိုက်ငြိမ်သက်လို့။ ငါလည်း ထီးမယူတတ်တဲ့အကျင့်တစ်ခုနဲ့ပဲ ရန်ကုန်ရဲ့ မိုးရေတွေအောက် အဆင်ပြေသလိုရွေ့လျားသွားလာလို့။ တစ်ခါတစ်လေလည်း လူတစ်ယောက်ကို စွဲစွဲမြဲမြဲချစ်နိုင်သေးရဲ့လားလို့ ငါ့ကိုယ်ငါသံသယဝင်နေမိတယ်။
ချစ်ခြင်းမေတ္တာနဲ့ဝေးကွာတဲ့အခါ လူတွေဟာ ညှိုးရော်ခက်ထန်လာကြမှာတဲ့။ အဲ့အဖြစ်မျိူးရောက်သွားမှာ ငါတကယ်ကြောက်နေတယ်။ ငါနောက်ဆုံးလူတစ်ယောက်ကို ချစ်မြတ်နိုးခဲ့တာ ဘယ်တုန်းကလဲ မမှတ်မိနိုင်တော့ဘူး။ ၁၈နှစ်သားကောင်လေးတစ်ယောက်ရဲ့ မင်းအပေါ်နက်နက်နဲနဲချစ်ခဲ့ခြင်းမျိုးကို အခုငါ့ဆီမှာ အစက်အပြောက်အနေနဲ့တောင် ရှာလို့မတွေ့တော့ဘူးရယ်။ အဲ့ဒီနောက် ငါတွေ့ရှိခဲ့တာ (ဒါမှမဟုတ်လည်း ငါရရှိခဲ့တာ) တွေဟာ ကစားပွဲတွေ၊ ကျားကွက်တွေ၊ ချစ်ခြင်းလို့နာမည်တပ်ထားတဲ့ အသုံးချမှုတွေ ၊ အင်တာနက်ပေါ်တက်လာတဲ့ အောက်ဖဲတွေ ၊ ကြီးကောင်ဝင်မှုရဲ့ ရမ္မက်တွေ စသဖြင့်ပေါ့။ ဒီအရာတွေနောက်မှာ ငါ့ဆီမှာရှိနေပါတယ်ဆိုတဲ့ချစ်ခြင်းဟာ အချိူကုန်ပြီးသားပီကေလိုသာဖြစ်ခဲ့တယ်။ အားလုံးက ပေါ့ပျက်ပျက်နဲ့ ၊ ငါလည်းပဲ ချစ်ခြင်းမေတ္တာအပေါ် အယုံအကြည်ကင်းမဲ့လာတယ်။ အခုအချိန်အချစ်ကြောင့်ရတဲ့ ပျော်ရွှင်မှုတွေဆိုတာ မင်းကြောင့်ရရှိခဲ့ဖူးတဲ့ ဝမ်းနည်းခြင်းတွေရဲ့ ခံစားမှုအနက်ဆီကို နည်းနည်းတောင်မရောက်ဘူး။ အရာအားလုံးဟာ ရယ်သွမ်းသွေးဖွယ်ရာပဲ။ ရူးရူးမိုက်မိုက်ဆယ်ကျော်သက်အချိန်တွေကို သတိရတယ်။ မင်းကိုချစ်ခဲ့တဲ့အချိန်တွေဆီက လေးနက်တဲ့စိတ်ခံစားချက်တွေ တစ်ခါလောက် ငါပြန်လိုချင်နေတယ်။အဆုံးသတ်တစ်နေ့မှာ အရာအားလုံးက စနစ်တကျပြိုလဲသွားမှာငါသိပါတယ်။ ဒါပေမယ့် ဒိုမီနိုချပ်တွေထဲကတစ်ခုကိုတော့ မင်းတစ်ယောက်ဖြစ်ကိုဖြစ်နေစေချင်တယ်။
ငါတို့နောက်ဆုံးတွေ့ခဲ့တဲ့နေ့က ကုန်သည်လမ်းပေါ်မှာ ကားတွေကျပ်ခဲလို့။ အိမ်ပြန်ဖို့ စောင့်နေကြတဲ့သူတွေကြောင့် ညနေဟာ နွေးထွေးလို့။ ငါ့မှာပြောစရာတွေအများကြီးရှိနေခဲ့သလို ပြောဖို့အခွင့်အရေးတွေလည်း အများကြီးရခဲ့တယ်မှတ်လား။ ခဏလေးရရှိနိုင်မယ့်လမ်းနဲ့ တစ်သက်လုံးရရှိနေနိုင်မယ့်လမ်းနှစ်ခုမှာ ဒုတိယတစ်ခုကို တွေဝေစွာနဲ့ ငါရွေးခဲ့မိတယ်။ အဲ့ဒီနောက် မင်းဝယ်ပေးလိုက်တဲ့စာအုပ်နောက်ဖုံးက မင်းလက်မှတ်သေးသေးလေးကို ငါအမြတ်တနိုးရှိခဲ့တယ်။ တစ်ခါတလေ မင်းတင်တတ်တဲ့ ဓာတ်ပုံတွေက ငါ့အတွက် ဘာမှစောက်အဓိပ္ပါယ်မရှိဘူး။ မင်းမျက်နှာကိုငေးရင်း မင်းပြောသမျှကို နားထောင်နေခဲ့ရတာဟာ ဘဝရဲ့အကောင်းဆုံးအချိန်တွေထဲကတစ်ခုပါပဲ။ ငါတို့မတွေ့တာတစ်နှစ်နဲ့လေးလ။ ငါတို့အတူမကြည့်ဖြစ်ခဲ့တဲ့ End Game ဟာ Box office နံပါတ်တစ်ရောက်ခဲ့တယ်။ ငါ့တစ်နေ့တာတွေအကြောင်း ငါဘယ်သူ့ကိုမှ စိတ်လိုလက်ရ မပြောပြဖြစ် ၊ ငါ့အဆင်မပြေမှုတွေနဲ့ ငါတစ်ယောက်တည်း မှောင်မိုက်ဖြစ်။ မင်းမဟုတ်တဲ့သူတွေနဲ့ ချောင်းမြောင်းပစ်ခတ်ဖြစ်။ ဘဝက ချစ်ခြင်းမေတ္တာနာမည်ခံထားတဲ့ မီးစတွေနဲ့ ရှုပ်ပွနေတော့တာပဲ။
လမ်းထိပ်မုန့်ဆိုင်ကအမ်းလိုက်တဲ့ အကြွေအသစ်လေးအကြောင်းထိ ကိုယ့်တစ်နေ့တာကို စိတ်လိုလက်ရပြောပြချင်မိတာမျိုးဟာ အချစ်ထက်ထုထည်ကြီးမားတဲ့အရာတွေလို့ (ကို)နိုင်ငံရေးထားတာကို ဖတ်ရတိုင်း မင်းကိုတန်းပြေးမြင်တာပဲ။ အသက်ကြီးလာနဲ့အမျှ အဆင်မပြေမှုတွေရှိလာမှာ။ ဒီအရာတွေကိုအတူဖြတ်သန်းဖို့ ကိုယ့်အတွက် အဆင်ပြေတဲ့လူတစ်ယောက်ရှိချင်မှရှိနေမှာ။ ပျော်ရွှင်စရာတစ်ခုက ငါ့မှာမင်းတစ်ယောက်ရှိခဲ့တယ်။ အခုငါ့မှာမင်းရှိမနေပေမယ့် ဒီလိုလူတစ်ယောက် ဘဝရဲ့တထောင့်တနေရာမှာရှိနေသေးတယ်ဆိုတာဟာ ကောင်းမှုကုသိုလ်တစ်ခုနောက်က စံပါယ်ပန်းရနံံ့တွေကို ခံစားမိနေသလိုပဲ။ ငါအရမ်းအသက်ရှူကြပ်လာတဲ့အခါ မင်းဖုန်းကိုဆက်မယ်။ မင်းနဲ့ရအောင်တွေ့ပြီး ငါတို့ငယ်ငယ်ကအကြောင်းတွေကို သတိတရပြန်ပြောမယ်။ မင်းပြောနေကျအတိုင်းပဲ ငါမင်းကိုဒုက္ခလာပေးဦးမယ်။ လမ်းမီးအဝါရောင်တွေရောက်မှာ မင်းရဲ့ရူးကြောင်ကြောင်အမူအရာတွေကို ရယ်ရယ်မောမော ငေးမောပစ်ဦးမယ်။
အခုတော့ ငါမင်းကိုအရမ်းတွေ့ချင်နေတယ်။ မင်းအသံဟာ အချိန်နှင့်အမျှ ငါ့အာရုံထဲမှာ ဝေဝါးပျောက်ကွယ်လာခဲ့တယ်။ ပြောင်းလဲလာတဲ့မင်းမျက်နှာအစား ခရမ်းရောင်နုနုဖောက်ထားတဲ့ ကျစ်ဆံမြီးဆံပင်တွေနဲ့ တစ်ချိန်ကမင်းကိုသာ ငါအလွတ်ရနေခဲ့တယ်။ ဒီရက်ပိုင်းကြယ်တွေသိပ်လှတယ်။ 'အလင်းရောင်'သီချင်းကို ညတိုင်းနီးပါးတီးဖြစ်တယ်။ မင်းမဖတ်မယ့်စာတွေရေးတယ်။ တရေးနိုးညအမှောင်မှာ ရုတ်တရက်လန့်နိုးလာတဲ့အခါ ဟိုးအဝေးကြီးက ခေါ်သံတွေဟာ အိပ်မက်လှိုင်းတွေဆီကတဆင့် မင်းပြောနေတဲ့စကားသံတွေဖြစ်နေဖို့ ငါဆုတောင်းနေခဲ့မိတယ်။
______________________________________________
"မိန်းမတစ်ယောက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုသိမ်ငယ်မိတဲ့အဖြစ်မျိုးမင်းမကြုံဖူးသေးဘူး။ သူ့ရဲ့မျက်ဝန်းတစ်စုံနဲ့မင်းကို အနိုင်ယူသွားတဲ့အခါ သူတစ်ယောက်ဟာဖြင့် ဘုရားသခင်ကမင်းအတွက်သက်သက်ဖန်တီးပေးလိုက်တယ့်အိန်ဂျယ်ဆိုတဲ့ခံစားချက်မျိုး မင်းရရှိနေမှာ။ အဲ့လိုလူတစ်ယောက်ကို ဆုံးရှုံးရတဲ့ဆုံးရှုံးမှုမျိုးကို မင်းမသိပါဘူး။ ဒီလိုဆုံးရှုံးမှုတွေဆိုတာ မင်းကိုယ်မင်းချစ်တာထက် တစ်စုံတစ်ယောက်ကို ပိုချစ်မြတ်နိုးမိတဲ့အခါမှသာ ဖြစ်လာတတ်တာပဲ။ မင်းမှာ အဲ့လိုချစ်ရဲတဲ့သတ္တိမျိူးရှိနေပါ့မလား ငါသံသယဝင်မိတယ်။
-Sean McGuire
(Good will hunting (၁၉၉၇) ရုပ်ရှင်မှ)
______________________________________________
-ဆပ်ရိပ်
၁၉.၁၀.၁၉
မနက် ၄:၃၂
Comments
Post a Comment