တစ်ယောက်ကိုတစ်ယောက်က နားလည်တယ်ဆိုတာတွေ



ခင်ဗျားသိလား။ ခင်ဗျားမြင်နေကျလူတွေရဲ့ မျက်နှာတွေဟာ သူတို့ရဲ့ပုံစံအကုန်မဟုတ်သေးဘူး။ သူတို့ပြချင်တဲ့ဘက်ခြမ်းကိုသာ ခင်ဗျားသိခွင့်ရတာ။ ထောင့်မှန်စတုဂံဖန်တုံးတစ်တုံးလိုပေါ့။ ခင်ဗျားမမြင်နိုင်တဲ့ဘက်ခြမ်းမှာ လူတွေရဲ့ ရူးသွပ်မှုတွေ ၊ ထိတ်လန့်ခြင်းတွေ ၊ တွေဝေခြင်းတွေ ၊ မှောင်မိုက်အေးစက်မှုတွေရှိနေတယ်။ နေ့လည်ခင်းနေရောင်ခြည်အောက်မှာ ပြုံးနေတဲ့လူတွေဟာ လမ်းပေါ်မှာ နေရောင်ခြည်လျော့ပါးလာတာနဲ့အမျှ အခန်းတံခါးကိုပိတ်လို့ ဆေးလိပ်ပြာတွေကို ထိုးချေနေခဲ့ကြတယ်။ 

ဒီလိုလူတွေကို နားလည်ပါတယ်လို့ ဘာ​ကြောင့်လွယ်လွယ်ပြောထွက်ကြတဲ့သူတွေကို ကျနော်ကတော့ နားမလည်ဘူး။ တကယ်တမ်း ကျနော်တို့ လူတစ်ယောက်ကို နားလည်တယ်ဆိုတာ ပုစ္ဆာတစ်ပုဒ်ထဲက ပုံသေနည်းလေးတစ်ခုလောက်ကို အလွတ်ရနေတာမျိုးပဲ။ သူတို့ရင်ထဲကအရာအားလုံးကို ကျနော်တို့မမြင်နိုင်သလို သူတို့ဘက်ကလည်း မမြင်စေချင်တဲ့ မျက်နှာပြင်တွေအကြောင်းကို ကျနော်တို့က ဘယ်လိုသိနိုင်ကြပါ့မလဲ။

တကယ်တမ်းကျတော့ လူတွေဟာ တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်ဖို့ တနည်းမဟုတ်တနည်းနဲ့ ကြိုးစားနေခဲ့ကြတာချည်းပဲ။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ဆက်ထားတဲ့ကြိုးတွေကို မြဲစေချင်လို့ ရည်ရွယ်တာ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တစ်ယောက်ယောက်ကို နားမလည်နိုင်ဖြစ်ခဲ့ဖူးသလား။ ဒါခင်ဗျားအပြစ်မဟုတ်ပါဘူး။ ကျနော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် သိကြဖို့ ခက်လှတယ်။ ဆက်ဆံရေးတွေမှာ ဝှက်ဖဲတွေ ၊ ဖွက်ထားတဲ့ဓားတွေ ၊ ခင်ဗျားတို့မကြားနိုင်တဲ့စကားသံတွေရှိနေတယ်။ ခင်ဗျားမိဘကတောင် ခင်ဗျားရင်ထဲဘာရှိတယ်ဆိုတာကို ထွင်းဖောက်မမြင်နိုင်။ ခင်ဗျားကလည်းမပြောပြဖြစ်။ ညတွေမှာ ခင်ဗျားတစ်ယောက်တည်းပဲ။

တစ်စုံတစ်ယောက်ရဲ့ဘဝထဲ  နားလည်ပါတယ်လို့ ပြောပြီးဝင်ရောက်ကြရင်း နားမလည်နိုင်ဘူးလို့ ပြောပြီး ပြန်ထွက်သွားကြသူတွေ ပုံလို့ပဲ။ တကယ်တမ်းက အပြည့်အဝနားမလည်ပဲ တစ်ယောက်အတွက်တစ်ယောက်ရှိနေလို့ရပါတယ်။ အပြည့်အဝနားလည်ပေးဖို့ကတော့ ခက်လှတယ်။

တလတ်စတည်းပြောရရင် ခင်ဗျားကို နားလည်ပေးဖို့လည်း ဘယ်သူ့မှာမှ တာဝန်ရှိမနေဘူး။ နောက် ခင်ဗျားရဲ့မျက်ရည်တွေကိုသုတ်ပေးဖို့ ၊ အဲ့ဒီနောက် ခင်ဗျားရဲ့လက်တွေကိုဆုပ်ကိုင်ပေးဖို့ ဘယ်သူ့မှာမှတာဝန်ရှိမနေဘူးဆိုပါတော့။ အားလုံးက ကိုယ့်ကိုယ်ကိုနားလည်ဖို့ကြိုးစားရင်းပဲ ကိုယ့်နေ့ရက်ကို တည်ဆောက်နေကြရတာ။ Nobody need me ဆိုတဲ့ ဒရာမာစာသားတွေမေ့လိုက်။ ခင်ဗျားကိုလိုအပ်နေတဲ့သူတွေနဲ့ ခင်ဗျားကလိုအပ်တဲ့သူတွေ အနည်းအကျဥ်းတော့ရှိနေကြောင်း ခင်ဗျားခံစားမိမှာပါ။ တစ်ယောက်မှရှိမနေခဲ့ရင်လည်း ဘယ်သူ့မှာမှအပြစ်မရှိပါဘူးပေါ့။

ကျနော်တို့ဟာ ကျနော်တို့ရရှိသလောက်ပဲ ခံယူနေကြရမှာ။ ကျနော်တို့စိုက်ပျိုးသလောက်ပဲ ရိတ်သိမ်းကြရမှာ။ ဘယ်သူ့ကိုမှ ဆန္ဒမရှိပဲ နားလည်ဖို့မကြိုးစားနဲ့။ ခင်ဗျားကိုတစ်ယောက်ယောက်က နားလည်လိမ့်မယ်လို့လည်း မမျှော်လင့်လိုက်နဲ့။ အားလုံးက ကိုယ့်ရူးသွပ်မှုတွေနဲ့ တိုင်ပတ်နေကြပြီးသား(ကျနော်တို့တကယ်နားလည်ပေးနိုင်တာ ဒီအပိုင်းလေးပဲ ရှိတယ်)။နေ့ရက်တွေဟာ ဒီလိုပဲ အဆင်ပြေသလို လည်ပတ်နေကြမှာရယ်။

-ဆပ်ရိပ်
၂.၁၀.၁၉


Comments