ဥသြငှက်များရောက်ရှိလာခြင်း
ဥဩငှက်များရောက်ရှိလာခြင်း
ဒီဇင်ဘာနှောင်းပိုင်းရက်တွေကတည်းက ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ အအေးဓာတ်ဟာ ရုတ်တရက်ပဲ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြန်တယ်။ ဒါရဲ့နောက်ဆက်တွဲအနေနဲ့ သိပ်နောက်မကျသေးတဲ့ ညဘက်တွေဆိုရင် လမ်းပေါ်မှာ ကြက်တောင်ရိုက်နေတဲ့သူတွေကို ပြန်တွေ့လာရတယ်။ ဇန်နဝါရီရဲ့ နောက်ဆုံးရက်သတ္တပတ်ထဲက မနက်ခင်းတစ်ခုမှာတော့ ကျနော်အိပ်ယာနိုးလာတယ်။ နားထဲမှာကြားနေရတဲ့ ဥဩငှက်ရဲ့အသံဟာ ကြည်လင်ချိုမြနေတယ်။ ထုံးစံအတိုင်း ဘယ်အရပ်ကနေ အဲ့အသံရောက်လာတယ်ဆိုတာကို ကျနော်အခုထိ မခွဲတတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ဥဩသံကြားတော့ နွေဦးရောက်ပြီလား လို့ စိတ်ထဲက တွေးနေမိတယ်။
နွေလို့ပြောလိုက်ရင် ကျနော့်စိတ်ထဲရောက်လာတာ ငယ်ငယ်တုန်းက ခေါင်းရွက်မုန့်သည်တွေ။ ငယ်ငယ်က တအားပူလွန်းတဲ့နွေရက်တွေကျရင် အမေက ကျနော့်ကိုအပြင်ပေးမထွက်တော့ဘူး။ ဘယ်ကလေးမှလည်း အပြင်မထွက်ကြပါဘူး။ အဲ့တော့ အဖေဆိုင်ထွက်နေတဲ့အချိန် အိမ်မှာကျန်နေခဲ့တဲ့ကျနော်တို့သားအမိနှစ်ယောက်အတွက်လုပ်စရာက အချင်းချင်းစကားပြောရင်ပြော၊ အမေအိပ်နေတုန်း ကျနော်က ငှားထားတဲ့စာအုပ်တွေဖတ်ရင်ဖတ်၊ နေ့ခင်းဘက် ရပ်ကွက်ထဲရောက်လာမယ့်မုန့်သည်ကို စောင့်ရင်စောင့် ဒါပဲရှိတယ်။ မုန့်သည်တွေကလည်း ရွေးစရာအများကြီး။ ဒိန်ချဉ်အေးအေးလေးသောက်မှာလား၊ ရွှေရင်အေးချိုချိုအေးအေးတစ်ပွဲစားချင်လား ၊ ရေခဲထုပ်ကြိုက်တဲ့အရသာရွေးပြီးစားမလား အားလုံးက နွေရာသီအတွက် ရွေးချယ်ချင်စရာချည်းပဲ။ အဲ့ထဲကမှ ကျနော်တို့သားအမိအကြိုက်ဆုံးကတော့ ဒိန်ချဉ်ပေါ့။ အခုလို ပလက်စတစ်ခွက်တွေနဲ့မဟုတ်ပဲ မြေအိုးသေးသေးလေးတွေကို ဗန်းပေါ်တင်ရွက်လာပြီး၊ လက်တစ်ဖက်ကလည်း ထန်းလျက်ရည်ပုံးအနီလေးကိုင်ပြီး ရပ်ကွက်ထဲလှည့်ရောင်းတဲ့ဒိန်ချဉ်သည်တွေ။ သူတို့ကိုအိမ်ထဲခေါ်လိုက်ရင် သူတို့ပစ္စည်းတွေကို ဂရုတစိုက်ချမယ်။ ပြီးရင် ကြိုက်တဲ့မြေအိုးကိုလက်ညှိုးထိုးပြီး ဒိန်ချဉ်ယူလို့ရတယ်။ ထန်းလျက်နဲ့လား သကြားနဲ့လားမေးတယ်။ ပြီးရင် ဒိန်ချဉ်သည်က အမေကျနော့်ကိုကြိုယူခိုင်းထားတဲ့ ဖန်ခွက်ကြီးထဲကို ဒိန်ချဉ်နဲ့ထန်းလျက်ရည်တွေ အပြည့်အမောက်ထည့်ပေးလိမ့်မယ်။ တကယ့်ကို ချိုပြီးအေးနေတဲ့ဒိန်ချဉ်ပဲ။ တကယ့်ကို လုပ်ယူစရာမလိုတဲ့ ပျော်ရွှင်မှုပဲ။ ဒါက ဥဩငှက်နဲ့ ယှဉ်တွဲပြီးပါလာတတ်တဲ့ ကျနော့်ရဲ့မှတ်ဉာဏ်တွေကိုး။
နွေဦးဆိုတဲ့စကားလုံးကျတော့ နွေနဲ့လုံးလုံးမတူပဲ ကျနော့်ကို အေးမြမှုတစ်ခု အမြဲရစေတယ်။ ရန်ကုန်ရဲ့ နွေဦးက လှရဲ့လားဆိုတာတော့ တစ်ခါမှမတွေးဖူးဘူး။ ကျနော်သဘောကျတာကကျနော့်စိတ်ထဲမှာတည်ရှိနေတဲ့ နွေဦးရာသီရဲ့ပုံရိပ်တွေသက်သက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နွေဦးရာသီဆိုတဲ့စကားလုံးကိုကြားတဲ့အခါ ကျနော်စိတ်ရဲ့အတွင်းပိုင်းတစ်နေရာမှာ လှပမှုတစ်ခုကို ထိတွေ့ရသလို အမြဲခံစားမိခဲ့တယ်။ တလတ်စတည်း အထီးကျန်မှုရောပေါ့။ ဒါက သီချင်းတွေရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်မယ်။ ကိုအောင်ရဲ့ 'နွေဦးပုံပြင်' ၊ ထူးအိမ်သင်ရဲ့ 'နွေဦးကံ့ကော်' ၊ Bigbag ရဲ့ 'နွေဦး' စတဲ့သီချင်းတွေ။ အခုလို ရာသီဥတုပြန်အေးလာတဲ့ရက်တွေဆိုရင် လမ်းပေါ်ကိုရောက်နေတဲ့ မနက်ခင်းနေရောင်ခြည်ဟာ အရင်ထက်သိသိသာသာ နွေးထွေးနေတယ်။ မနက်စောစောဆိုရင် လမ်းမပေါ်မှာ မြူတွေရှိတယ်။ နွေဦးပုံပြင်ထဲက 'မျှော်လင့်ခြင်းတွေ ဘယ်ဆီမှာ၊ ရာသီများစွာကုန်လွန်သွား' ဆိုတဲ့သီချင်းစာသားတွေကို သတိရနေမိတယ်။ မြူတွေကြောင့်ရှေ့ကိုကောင်းကောင်းမမြင်ရဘူး။ လမ်းကတော့ အမြဲသွားနေ။ ခေတ်ကလည်း အမြဲပြောင်းလဲနေ။ ခေါင်းရွက်မုန့်သည်တွေလည်း လမ်းထဲမှာနည်းသွားပြီ။ ကျနော်နေနေတာလည်း ငယ်ငယ်က အိမ်မဟုတ်တော့။ အမေအပါအ၀င် ငယ်ငယ်ကလူတွေ အနားမှာမရှိတော့။ အိမ်ထဲမှာ မုန့်စားဖို့ထိုင်စောင့်ရတဲ့အရွယ်မဟုတ်တော့ကတည်းက လုပ်စရာတွေလည်း အများကြီး။ တစ်ခါတစ်လေလည်း မြူတွေကိုမြင်တိုင်း စိတ်ထဲရောက်လာတာ စမ်းတဝါးဝါး မျှော်လင့်ချက်နည်းပါးလွန်းတဲ့ နေ့ရက်တွေ၊ လတွေ၊ နှစ်ကာလတွေ။
မျှော်လင့်ချက်ဆိုလို့ ဘ၀မှာ မျှော်လင့်စရာတစ်ခုခုမရှိရင် ဘယ်လိုအသက်ရှင်ကြမလဲဆိုတာ စဉ်းစားမိပါတယ်။ အသက်ရှင်နေတဲ့နေ့ရက်တွေထဲ ဆက်ပြီးစိတ်ပါလက်ပါအသက်ရှင်နေဖို့ အကြောင်းရင်းတစ်ခုတော့လိုတယ်မှတ်လား။ မနက်က လမ်းပေါ်မှာ တွေ့တဲ့ကလေးတစ်ယောက်က အနွေးထည်မရှိဘူး။ ဖိနပ်တောင်မပါဘူး။ အအေးဓာတ်ကိုကာကွယ်ဖို့ သူ့လက်နှစ်ဖက်ကိုအချင်းချင်းထိတွေ့ပြီး နောက်ဘက်ကိုပစ်ထားတယ်။ ဒီကလေး ညက ဘယ်လိုအိပ်ခဲ့တယ်မသိဘူး။ သူ့ရဲ့ဒီနေ့မျှော်လင့်ချက်က ဘာများဖြစ်မလဲမသိ။ ကျနော့်အထင်ကတော့ နေ့စဉ်ဘ၀တွေက မျှော်လင့်ချက်အမှုန်တွေနဲ့ ဖွဲ့စည်းထားတယ်ထင်တယ်။ မျှော်လင့်စရာတွေလည်း အနည်းနဲ့အများတော့ လိုအပ်တယ်ထင်တယ်။ ကားလမ်းမကြပ်ချင်တာလည်း မျှော်လင့်ချက်ပဲ။ နေ့လည်စာလေး စားကောင်းချင်တာလည်း မျှော်လင့်ချက်ပဲ။ တစ်ယောက်ယောက်ကို တွေ့ချင်တာလည်း မျှော်လင့်ချက်ပဲ။ ဒီလကုန်ဘာ၀ယ်ချင်တယ်ဆိုတာလည်း မျှော်လင့်ချက်ပဲ။ နောက်အနှစ်နှစ်ဆယ်ကျ ဘယ်လိုဖြစ်ချင်တယ်ဆိုတာလည်း မျှော်လင့်ချက်ပဲ။ မျှော်လင့်စရာအမှုန်အမွှားလေးတွေကနေ ဘ၀တစ်ခုကို တဖြည်းဖြည်း အဆင်ပြေအောင်တည်ဆောက်နေရတာမျိုးဖြစ်လိမ့်မယ်။ တစ်ခုခုအကြီးကြီးပြိုလဲသွားတဲ့အခါတိုင်း လူတွေရဲ့မျက်နှာဟာ အချိန်တစ်ခုအထိ ဒါမှမဟုတ်လည်း အကြာကြီး၊ ဘာမှကိုမျှော်လင့်မနေတော့တဲ့ပုံပေါက်သွားကြတယ်။
ကျနော်စီးလာတဲ့ကားက မှတ်တိုင်တစ်ခုဆီရောက်တော့ လူစောင့်တဲ့အနေနဲ့ အတော်ကြာကြာရပ်နေတယ်။ မှတ်တိုင်မှာ စုတ်ပြတ်နွမ်းပါးနေတဲ့ သတ်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရှိတယ်။ စိတ်မကျန်းမာသူ၊ မှတ်တိုင်မှာ တစ်ယောက်တည်းအမြဲစကားပြောနေတဲ့သူပေါ့။ ဒီလမ်းကပဲ အမြဲသွားနေကျမို့ သူ့အကြောင်းကို ကျနော်ကြားဖူးနေတယ်။ အဲ့ဒီအမျိုးသမီးမှာ သားတစ်ယောက်ရှိတယ်။ သူ့သားက ၅နှစ်သားပိစိလေး။ တစ်ရက်ကားလမ်းကူးတော့ သူကသူ့သားလက်ကိုတွဲထားတယ်။ လမ်းအလယ်အရောက်မှာ ရုတ်တရက်သူ့သားက သူ့လက်ကနေလွတ်သွားတယ်။ စက္ကန့်ပိုင်းအတွင်း နောက်ကမောင်းလာတဲ့ကားအောက်မှာ သူ့သားရောက်နေပြီ။ ပွဲချင်းပြီးပဲ။ လပိုင်းအတွင်းမှာ အဲ့ဒီအမျိုးသမီးလည်း ရူးသွားတယ်။ အဲ့နားကမှတ်တိုင်တွေလျှောက်သွားရင်း သူ့နှုတ်က သားရေ၊ မေမေ့သားလေးရေ ဆိုတာကိုပဲ ပြောနေခဲ့တာများတယ်။ ကျနော်တို့ကားထွက်လာတဲ့အထိ သူ့အသံဟာ ကျနော့်နားထဲမှာ ထပ်ကြပ်မကွာ လိုက်ပါလာတယ်။ ပြီးတော့ သူ့အမြင်အာရုံမှာ မျှော်လင့်ချက်အမှားတွေက ဖန်ဆင်းထားတဲ့ သူ့သားရဲ့ပုံရိပ်ယောင်တွေရှိနေလိမ့်မယ်။ ပြုံးနေတဲ့ သူ့မျက်၀န်းတွေမှာ အဲ့ဒါကြီးကို ဆိုးဆိုးဝါးဝါးတွေ့ရတယ်။
ရာသီဥတုအေးနေတော့ ဒီရက်ပိုင်းတွေမှာ လူသူကင်းတဲ့လမ်းတွေကို တစ်ယောက်တည်းလျှောက်ရတဲ့အခါ အချိန်တွေနှေးကွေးနေတဲ့ ဒိုင်မေးရှင်းတစ်ခုကို ဖြတ်ရသလိုပဲလို့ ခံစားမိတယ်။ အရာအားလုံးက ရှည်လျားလေးလံပြီး မရောက်တော့မယ့် အိပ်မက်ရှည်ကြီးတစ်ခုလို လျှောက်နေရသလိုမျိူး။ ညမီးဝါကျင့်ကျင့်၊ ရုတ်တရက်ကိုယ့်ဘေးက ဖြတ်သွားတဲ့စက်ဘီးတစ်စီး၊ ကိုယ်။ မပျော်တဲ့အခါကဗျာရေးတယ်ဆိုတဲ့ စာအုပ်အဖုံးတစ်ခုက အဖြေကိုသတိရမိတယ်။ ကျနော်ကတော့ မပျော်တဲ့အခါ လမ်းတွေပေါ်လျှောက်သွားရင်း ၊ ကိုယ်မသိတဲ့သူတွေကို ငေးမောရင်း၊ လူတွေအကြောင်းစဉ်းစားရင်း၊ နွေဦးအကြောင်းသီချင်းတွေနားထောင်ရင်း၊ အိမ်ပြန်နောက်ကျရင်း အချိန်ကုန်မှန်းမသိကုန်နေတယ်။
အိမ်အပြန် ရထားပေါ်ကဆင်းလာတော့ ဘူတာအပြင်ဘက်လမ်းမပေါ်မှာ တစ်ခုတည်းသောလမ်းမီးတိုင်က စောင့်ကြိုနေခဲ့ပါတယ်။ မီးရောင်က ဝါလွန်းတယ်။ ကျနော်လည်း ဘူတာအပြင်မထွက်သေးပဲ ကားတွေ၊ လူတွေကိုငေးနေမိတယ်။ အိမ်ပြန်ချိန်နွမ်းနယ်နေသူတွေဟာ မီးရောင်အောက်မှာ တစ်ဖြည်းဖြည်းလျှောက်ရင်း ရှေ့ကအမှောင်ထုဆီကို တိုးဝင်ပျောက်ကွယ်သွားခဲ့ကြတယ်။ ရထားလမ်းကိုဖြတ်ထားတဲ့ လူကူးတံတားပေါ်ရောက်တော့ အမှောင်ထုရဲ့တိတ်ဆိတ်မှုနဲ့ ညရဲ့အေးစက်မှုဟာ တသားတည်းဖြစ်နေတယ်။ ကျနော့်လက်က ဂျင်းဘောင်းဘီနောက်အိတ်ကို စမ်းမိလိုက်တယ်။ ဒီတံတားပေါ်မှာ ပိုက်ဆံတောင်းနေကျအဘွားကြီးတစ်ယောက်ရှိတယ်။ သူကအမြဲအမှောင်ထဲမှာထိုင်ရင်း သူ့ကိုတစ်ယောက်ယောက်က ပိုက်ဆံပေးလာရင် လက်ကလေးနှစ်ဖက်နဲ့ ဂရုတစိုက်ကိုင်ပြီး အဲ့ပိုက်ဆံကို လက်ခံလေ့ရှိတယ်။ ကျနော်ဒီဘက်လမ်းက လာတိုင်း အိတ်ထဲကလက်ကျန်ပိုက်ဆံစတွေကို သူ့ဆီပေးနေကျပဲ။ ဒါပေမယ့် ဒီနေ့ည ကျနော်ရောက်သွားတော့ သူ့နေရာမှာ သူရှိမနေခဲ့ဘူး။ တံတားပေါ်မှာ အမှောင်ရှိတယ်။ တံတားပေါ်မှာ ကျနော်တစ်ယောက်တည်းပဲရှိတယ်။ ညက ပိုအေးလာနေတယ်။ စိတ်ထဲမှာ မနက်ဖန်မနက်ကြားရမယ့် ဥဩသံကို အခုညကတည်းက ကြားချင်လာမိတယ်။
-ဆပ်ရိပ်
၂၉.၁.၂၀
Blog mhr Zawgyi yw twl htae sy chin tl
ReplyDeleteSry for late reply.. ခေတ်နဲအညီ ယူနီကုဒ်လိုက်ပါလားဗျို့။
Delete