ဝေးခဲ့ရာအရပ်ကို မျက်နှာမူပါ၊ လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းပါ
ဝေးခဲ့ရာအရပ်ကို မျက်နှာမူပါ။လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းပါ။ ဝေးခဲ့သောအရပ်သည် အနောက်အရပ်ဖြစ်သည်။အနောက်အရပ်တွင် နေလုံးနီနီသည် အလင်းလက်ကျန်ပျပျဖြင့် ဆွေးမြေ့ရီဝေနေခဲ့သည်။ညနေကို ကျနော်တို့နှစ်ဦး ချန်ခဲ့ကြသည်လား။ ညနေနှင့်ကျနော့်ကို သူက ချန်ခဲ့သည်လားမစဉ်းစားတတ်ပါ။ဝေးခဲ့သောအရပ်နှင့် ဆန့်ကျင်ဘက်တွင်ရော ကျနော်တို့ နီးကြဦးမည်တဲ့လား။လက်ယာဘက်တွင် သူ၏ စကားသံများရှိသည်။လက်ဝဲဘက်တွင် သူ၏ အငွေ့အသက်များရှိနေသည်။လက်နှစ်ဖက်ကိုဆန့်တန်းရင်း ပြန်မလာမယ့်သူကို ကျနော်ကြိုနေမိခဲ့သည်။ရက်ပေါင်းများစွာ။ထို့နောက် လပေါင်းများစွာ။
ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ သစ်ရွက်ကလေးကြွေကျလာသည်။ရေစက်ဆိုသည်မှာ တောထဲတောင်ထဲသွားနေတုန်း သစ်ပင်ကြီးတစ်ပင်ပေါ်မှ သစ်ရွက်တစ်ရွက် ကျောပိုးအိတ်ဘေးအိတ်ထဲ ကျလာခြင်းမျိူးဖြစ်သည်ဟု ကျနော်အမြဲယုံကြည်ခဲ့သည်။ကျနော်သည် အကြောင်းတစ်ခုကြောင့် ဆုံတွေ့လာရသော အဆိုပါသစ်ရွက်ကလေးကို ဘယ်တော့မှ လွှင့်ပစ်မည်မဟုတ်။ သစ်ရွက်ကလေးက ကျနော့်ကိုစွန့်ခွာသွား၍ ရုပ်ပစ္စည်းအနေနှင့် မရှိတော့လျှင်တောင် ကျနော့်စိတ်ထဲမှ လွှင့်ပစ်ဖြစ်မည်မဟုတ်တော့ပါ။ ဒါက သံယောဇဥ့်ဖြစ်သည်။ဒါက ရေစက်ဖြစ်သည်။ ဝဋ်ကျွေးလို့ တစ်စုံတစ်ယောက်က ပြောလာခဲ့ရင်လည်း မထူးတော့။ကျနော်ကတော့ အံဆွဲထဲတွင် ထည့်သိမ်းခဲ့ပြီးပြီ။ ဆွဲဖွင့်လိုက်သောအံဆွဲတိုင်းတွင် မပျော်ရွှင်မှုတွေရှိနေခဲ့သည်။
လမ်းမပေါ်တွင် ခိုကလေးတစ်ကောင်ကျကွဲလာသည်။ကားတစ်စီးက ရုတ်တရက်တက်ကြိတ်သွားသည်ကို မြင်ရသည်။ ကျနော်မသိလိုက်ခင်ခဏ၌ သူ့အပေါ်၌ချစ်မိခြင်းက ကျနော့်အား အနိုင်ရသွားခဲ့သည့်နှယ်။ချစ်ခြင်းမေတ္တာသည် အရှိန်ပြင်းသောကားတစ်စီးလည်းဖြစ်ခဲ့သည်။ကိုယ်ပေးသောနှင်းဆီဖြူတစ်ပွင့် သူ့နားစပ်လေးမှာ မြင်ဖူးခဲ့ချင်သည်။ကိုယ်မရှိသောဘဝတွင် ခြေဖဝါးနုနု ဆူးတွေမငြိစေချင်။သို့သော် လုံးဝမေ့သွားသောဖုန်းနံပါတ်လို မည်သည့်နည်းနှင့်မျှ ဆက်သွယ်နိုင်ဦးမည်မထင်တော့ပါ။ရထားတစ်စင်း ထွက်ခွာသွားသည်။တိမ်တွေ အေးစက်စွာ ပြိုကွဲနေခဲ့လေသည်။
အဖြစ်အပျက်တစ်ခုကို ကြုံဖူးသလိုလိုခံစားရခြင်းကို Déjà vu ဟုခေါ်သည်။အိပ်မက်ထဲတွင်ပဲ မက်ဖူးသလိုလို။တစ်နေရာတွင် ဖြစ်ဖူးသလိုလို။ပညာရှင်တွေက ဦးနှောက်၏ လှည့်စားမှုသာဖြစ်ကြောင်း ရှင်းပြခဲ့သော်ငြား ကျနော်ကတေ့ာ သည်နောက်ပိုင်း နေ့များကို တစ်နေရာရာတွင် ကြုံဖူးသလိုလို ခံစားနေရသည်။ ဘဝအဆက်ဆက်တွင်လည်း ကျနော်တို့ဝေးခဲ့ကြသည်လား။သံသရာတကွေ့တွင် ဆုံတွေ့တိုင်း ဝေးခဲ့ဖူးသလား။ အတိတ်သည် လက်ဖက်ရည်ဆိုင်စားပွဲပေါ်မှ တစ်ရှူးစများလို ကြေမွနွမ်းလျစွာ ကျန်ခဲ့သည်။
ကောင်းကင်ကိုကြည့်လျှင် ရှုပ်ထွေးနေသော ဓာတ်ကြိုးများကိုသာမြင်ရသည်။ကျနော့်အတွက် သွားစရာနေရာသိပ်မရှိသော ရန်ကုန်မြို့သည် ဒီနောက်ပိုင်းတွင်ပိုကျဉ်းလာသည်။လှည်းတန်းသို့သွားသည်။ဆူးလေသို့သွားသည်။စာအုပ်ဆိုင်တွေသွားသည်။ရုပ်ရှင်ရုံသို့သွားသည်။သွားတိုင်းလည်း သူ့ကိုသတိရသည်။အချိန်ကြာလာသည်နှင့်အမျှ အမြဲတမ်းတော့သတိရမနေနိုင်။သို့သော် ဘယ်တော့မှလည်း မေ့လို့မရနိုင်တော့။ဒဏ်ရာသည် သံမှိုလို ပြင်းထန်စွာရိုက်နှက်ထားခံခဲ့ရသည်။ဒဏ်ရာပျောက်သွားလျှင် အမာရွတ်ရှိသည်။ဒဏ်ရာရော အမာရွတ်ရောမရှိတော့သောနေ့သည် ကျနော်ရူးသွားသောနေ့ သို့မဟုတ် သေဆုံးသွားသောနေ့ပင် ဖြစ်ပါလိမ့်မည်။လူသားဘဝ၏ ခံစားမှုတန်ဖိုးသည် အနည်းဆုံး ၀.၁ တော့ရှိနေမည်ဟု ကျနော်ယုံသည်။ခံစားမှုသုညဖြစ်သောနေ့သည် အသက်ရှင်မှုသုညဖြစ်သောနေ့ဖြစ်သည်။
ရာသီဥတုပိုပူလာသည်။မိုးတဖျောက်နှဖျောက်ရွာသည်။ပိတောက်တွေပွင့်လာခဲ့သည်။စိန်ပန်းတွေဝေသည်။အခန်းစာအုပ်စင်ရှင်းဖြစ်သည်။ကော်ဖီပိုသောက်ဖြစ်သည်။ရုပ်ရှင်ပိုကြည့်ဖြစ်သည်။စာအုပ်ပုံမှန်ဖတ်ဖြစ်သည်။အလုပ်တွေမပျက်မကွက်လုပ်ဖြစ်သည်။မည်သူနှင့်မှ ကိစ္စမယ်မယ်ရရမရှိပဲ စကားမပြောဖြစ်တော့။ကိုယ့်စကားသံပင် ကိုယ်ပြန်မကြားရသည်မှာကြာပြီ။တူတူမတူတူလိုက်ပြီဟု အော်ရင်း ကမ္ဘာအကျယ်ကြီးထဲ တစ်ယောက်သောသူကိုသာ ရှာနေမိသည်။သံယောဇဉ်ကြီးသူနှင့် စောက်မှတ်မရှိသူမှာ တစ်ယောက်တည်း။မန္တလေးဆောင်ရှေ့တွင် ရွက်ဝါတွေကြွေနေခဲ့သည်။
မတော်တဆ ပြန်ဆုံဖြစ်ခဲ့ကြလျှင် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းစကားများသာရှိခဲ့ပါကြောင်း ပြောချင်ပါသေးသည်။သတိရကြောင်းကို တကူးတကပြောဖို့လိုတော့မည်မထင်ပါ။သတိရသည်ဟု ထုတ်ပြောစရာမလိုသောသတိရခြင်းသည် ငြိမ်သက်နေသောတောင်တန်းများလို လှပအေးမြသည်။အိပ်မပျော်သောညတိုင်းတွင် သူရှိပြီး အိပ်ပျော်သောအိပ်မက်တိုင်းတွင်လည်း သူရှိနေခဲ့သည်။ သူတကယ်ချစ်သောသူနှင့် ပျော်ပျော်ရွှင်ရွှင်တွေ့ပါစေ။ကျနော်တကယ်ချစ်သောသူနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့ခဲ့ဖူးပြီဖြစ်သည်။အစစအရာရာဂရုစိုက်ပါ။သတိရလျှင် ဆက်သွယ်ပါ။အဆင်မပြေလျှင်ဆက်သွယ်ပါ။ငိုစရာပုခုံးလိုအပ်လျှင် ဆက်သွယ်ပါ။တယ်လီပယ်သီသည် သံယောဇဉ်နှင့်ဆက်မှရသော တယ်လီဖုန်းကလေးဖြစ်ကြောင်း ရေးခဲ့ဖူးပါသည်။
ဝေးခဲ့သောအရပ်ကို မျက်နှာမူပါ။လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းပါ။ဝေးခဲ့ရာအရပ်တွင် နေရီရီရှိသည်။ဘယ်လောက်သတိရရ မတွေ့ရတော့သောအဖြစ်များသည် နာကျင်စရာကောင်းလှသည်။အိပ်မက်ထဲတွင် သူမchatbox သို့သွား၍ ပျော်ရွှင်စွာ စကားတွေပြောနေခဲ့တုန်းဖြစ်သည်။
-ဆပ်ရိပ်
၁၉.၅.၂၀၁၉
မနက်၄နာရီ ၃၅မိနစ်
Comments
Post a Comment