ကြောင်ကလေးတစ်ကောင်အကြောင်း

ကိုယ်ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်။ ရိုးရိုးရှင်းရှင်းဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ကိုယ့်မှာရှိခဲ့တဲ့ ကြောင်လေးတစ်ကောင်အကြောင်းပေါ့။

ကိုယ့်မှာ ကြောင်လေးတစ်ကောင်ရှိခဲ့တယ်။ မည်းမည်း ညှက်ညှက်လေး။ သူ့ကို ဘုန်းကြီးကျောင်းကနေ တောင်းလာခဲ့တာ။အိမ်ရောက်လာတော့ ၁လသားပဲရှိသေးတယ်။ အကောင်သေးတော့ တအိမ်လုံးက ဝိုင်းချစ်လိုက်ကြတာ နှစ်လအတွင်း မဲမဲလုံးလုံးလေးဖြစ်လာတယ်။အချိန်ကြာလေ သံယောဇဉ်တွယ်လေပေါ့။နာမည်ကိုလည်း မုန်းလဲ လို့ပဲခေါ်ကြတယ်။ မုန်းလဲရေ လို့ခေါ်လိုက်ရင် အမြီးလေးလှုပ်ပြီး ကိုယ့်ကုတင်ပေါ်ခုန်တက်နေကျကောင်ပေါ့။မုန်းလဲကို ပြောင်းပြန်ခေါ်ရင် မဲလုံးလေ။ဒါပေမယ့် မဲလုံးလို့ဒဲ့ခေါ်ရင် သူမကြိုက်မှာစိုးလို့တဲ့ အိမ်ကမခေါ်ခိုင်းဘူး။တိရစ္ဆာန်လေးတစ်ကောင်ဆိုပေမယ့် မေတ္တာသက်သက်နဲ့
ချစ်ခြင်းမှာ ဘာအလွှာမှမရှိဘူးမှတ်လား။

ဒီလိုနဲ့ပဲ ကြောင်ကလေးက အသက်လေးနှစ်နီးပါးရောက်လာတယ်။အချိန်နဲ့အမျှ အမှတ်တရတွေ တိုးရင် သံယောဇဉ်တွေပါလိုက်တိုးတတ်တာ ထုံးစံပဲမှတ်လား။သူချစ်စရာကောင်းတာတွေလုပ်ရင် ရီမယ်။စောင်တလွဲတွေလုပ်လာရင် ဆူမယ်။တစ်ခါတစ်လေလည်း စိတ်ထဲရှိရင် သူ့ကို လူစကားတွေ တမေ့တမောပြောမယ်။ သူကလည်း နားလည်လည် မလည်လည် စိတ်ကြည်ရင် ကိုယ့်ကိုပွတ်သီးပွတ်သပ်လာလုပ်မယ်။အိမ်မွေးကြောင်တစ်ကောင်ရဲ့ ပုံမှန်ဘဝလေးမှာ သူနဲ့ကျနော်တို့ ပျော်ခဲ့ပါတယ်ပေါ့။

မုန်းလဲကလည်း တစ်ခြားကြောင်တွေလိုပဲ တစ်ခါတစ်လေ အိမ်ကထွက်သွားတတ်တယ်။အချိန်တန်ရင် ပြန်ရောက်လာတာပါပဲ။စစချင်းပျောက်တုန်းကတော့ စိတ်ပူပေမယ့် နားလည်သူတွေကို မေးမြန်းတော့လည်း စိတ်အေးရပါတယ်။ အချိန်တန်ရင် သူကလည်း အမြီးလေးနန်ု့ပြီး ပြန်ရောက်လာတာကိုး။ဒါပေမယ့် တစ်ခါမှာတော့ အဲ့လိုမဖြစ်တော့ဘူး။

အဲ့ညက မိုးတွေအရမ်းရွာနေတယ်။လေကလည်း ပြင်းတယ်။ တစ်အိမ်လုံး ရေမပက်အောင် ပြတင်းပေါက်တွေ ပိတ်ပြီး အိပ်လိုက်ကြတယ်။အဲ့မိုးရေတွေကြားထဲ မုန်းလဲက နောက်ဖေးတံခါးက ထွက်သွားခဲ့တယ်ထင်တယ်။အသံတစ်ချက်မပေး။ ဘာအရိပ်အယောင်မှ မချန်ခဲ့။ သူထွက်သွားခဲ့တယ်။ ပြီးတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး။ ကိုယ်တို့တစ်အိမ်လုံးကတော့ သူ့ကိုစိတ်ပူခဲ့ မျှော်ခဲ့ကြတယ်။စစချင်းကဆို
ကိုယ့်အဘွားမှာ ခြံစည်းရိုးက ကြောင်အော်သံကြားရင် မုန်းလဲ ပြန်လာပြီအထင်နဲ့ ထထကြည့်နေတတ်တယ်။ဒီတစ်ခါထွက်သွားတာကြာတော့ ဆူမလို့တဲ့။ဒါပေမယ့် ဘယ်တော့မှ သူပြန်ရောက်မလာတော့ဘူး။ကိုယ်တို့လည်း ကြောင်မမွေးဖြစ်တော့ဘူး။

ခုဆို မုန်းလဲထွက်သွားတာ ဆယ့်ရှစ်နှစ်ကျော်ပြီ။  
သူအိမ်မှာနေခဲ့တာ သုံးနှစ်တည်း။ ကြောင်တစ်ကောင်ရဲ့အမြင့်ဆုံးသက်တမ်းက ဆယ့်ခြောက်နှစ်။မုန်းလဲ ထွက်သွားတာ ဆယ့်ရှစ်နှစ်ဆိုတော့ အသက်ရှင်မရှင်တောင်မသေချာတော့ဘူး။ ဒါပေမယ့် ကိုယ်တို့ကို မျှော်နေသေးလားမေးရင်တော့ မဲမဲလုံးလုံးနဲ့ တလှုပ်လှုပ်ပြန်လာမယ့် ကြောင်အိုကြီးကို ကိုယ်တို့မျှော်တော့မျှော်နေကြသေးတယ်လို့ပဲ ဖြေကြမှာပဲ။ သံယောဇဉ်ဆိုတာ ဒီလိုပဲ။ ကိုယ်တို့ဟာ ပေးခဲ့တဲ့နာကျင်မှုထက် ယူခဲ့တဲ့နာကျင်မှုက အမြဲပိုများတတ်တဲ့ လူတွေမှတ်လား။ ကိုကောက်ကွေ့ရဲ့ ကဗျာစာသားအတိုင်းပဲ ဒဏ်ရာထက် အမာရွတ်ကပိုနာကြတယ်။ ပြန်မလာတော့မယ့် ကြောင်ကလေးတွေကို မျှော်ရင်း အသက်တွေကြီးလာကြတယ်။ကိုယ်တို့က ဒီလိုလူတွေပဲလေ..။

-ဆပ်ရိပ်

Photo- google image

Comments