နွေဦးပုံပြင် (သီချင်းခံစားမှု)
နွေဦးပုံပြင်
(၁)
တောအုပ်တစ်ခုထဲက သစ်လုံးအိမ်လေးတစ်အိမ်ထဲ ရောက်နေတယ်လို့ မြင်ယောင်ကြည့်လိုက်။ ဒါမှမဟုတ်လည်း တောင်တန်းတွေရဲ့ကြားက နေရာလေးတစ်ခုပေါ့။ ရာသီဥတုက လတ်ဆတ်အေးမြလို့။ သစ်ပင်တွေက စိမ်းစိုအုံ့မှိုင်းလို့။ ခင်ဗျားက မျက်စိအစုံကို ဖြည်းညင်းစွာ ဖွင့်လို့ အိပ်ယာကနေ နိုးထလာမယ်။ ခင်ဗျားကိုယ်မှာ ညကဝတ်အိပ်ထားတဲ့ အနွေးထည်လက်ရှည်နဲ့ စောင်ကိုဖယ်ခွာလိုက်တဲ့အခါ လက်တွေ အေးစက်နေမယ်။ အဝေးက တောင်တန်းတွေဆီမှာ မြူတွေဖုံးလို့။ နောက်တော့
ကမ်ဘာမြေပေါ် လှပစွာရောက်ရှိလာတဲ့ မနက်ခင်းနေရောင်ခြည်ကို အခန်းပြတင်းပေါက်ကနေ မတ်တပ်ရပ် ကြည့်ငေးရင်း တစ်စုံတစ်ခုကို လွမ်းဆွတ်မိမယ်။ မျက်နှာပေါ် လေပြေတွေဖြတ်ပြေးသွားမယ်။ ဒါပေမယ့် နှစ်တွေကြာခဲ့တဲ့အခါ မျှော်လင့်ချက်ဆိုတာ သူကိုယ်တိုင် ဝေဝါးလာတတ်ကြောင်း ခင်ဗျားသိနှင့်ခဲ့ပြီးပြီပဲ။ အဲ့ခဏမှာ ချမိတဲ့ သက်ပြင်းဟာ ခင်ဗျားရင်ထဲကနေ သစ်ရွက်လိုကြွေပြီး စမ်းချောင်းလေးအတိုင်း အဝေးကို မျောပါသွားပါတော့တယ်။
(၂)
နွေဦးပုံပြင်သီချင်းကို ရေးစပ်သီဆိုခဲ့တဲ့ ကိုအောင်ဟာ ကျနော်တို့သိကြတဲ့တခြားနာမည်ကြီးသီချင်းတွေဖြစ်တဲ့ အရင်ကဇာတ်လမ်းလေး ၊ ကြယ်တွေစုံတဲ့ည စတဲ့ သီချင်းတွေအများကြီးကို လှပစွာ ဖန်တီးခဲ့သူဖြစ်ပါတယ်။ ကမ္ဘာမြေအတွက် ဖြူနုလတ်ဆတ်နေတဲ့ ကံကော်ပန်းတွေတပွေ့ကြီး ပေးအပ်လာသူဟာ ကိုအောင်ပါပဲ။ နွေဦးပုံပြင်သီချင်းဟာ ကိုအောင်ရဲ့ "ချစ်ခြင်းရဲ့ကဗျာ" အခွေမှာ ပါတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ (JOOX မှာ နားဆင်နိုင်) ဒီမှာတော့ နွေဦးပုံပြင်ဆိုတဲ့ နာမည်အတိုင်းပဲ နွေဦးမနက်ခင်းတစ်ခုဆီက ပုံပြင်တစ်ခုအကြောင်းကို ကိုအောင်က လွမ်းမောစရာကောင်းအောင် သီချင်းတစ်ပုဒ်ဖန်တီးပြခဲ့ပါတယ်။ နားဆင်ရတဲ့ ပရိသတ်တစ်ယောက်အတွက် သီချင်းရဲ့ စကားလုံးတိုင်း သံစဉ်တိုင်းဟာ ခွင့်မတောင်းပဲ အိမ်ထဲဝင်လာတဲ့ ညမွှေးပန်းရနံံ့လေးလိုမျိုး နှလုံးသားမှာ နေရာယူသွားပါလိမ့်မယ်။
(၃)
သီချင်းရဲ့ အစမှာ စန္ဒရားသံချိုချိုလေးကို အရင်ကြားရမယ်။ လူကူးမျဉ်းကြားအလယ်မှာ ရပ်နေတုန်း ကိုယ့်ရှေ့တဖွဲဖွဲလွင့်လာတဲ့ သစ်ရွက်ဟောင်းတွေလိုမျိုးပဲ။ သီချင်းရဲ့ပထမဆုံးအပိုဒ်က ဒီလိုပါ။
"မိုးလင်းစ မနက်ရဲ့အာရုံချိန်မှာ
အိပ်မက်ကနိုးလာ
အခန်းလေးထဲမင်းမရှိပါ"
စာသားတွေက ဘာမှရှုပ်ထွေးတာမပါပါဘူး။ ဒါပေမယ့် အရမ်းလှပသလို အရမ်းလည်းသဘာဝဆန်ပါတယ်။ ကျနော်အချစ်ဆုံးနေရာကတော့
"စမ်းချောင်းလေးဘေးက နာကျင်နေတဲ့ပန်းပွင့်လေးများ ကြွေကျ" ဆိုတဲ့စာသားလေး။ အဲ့နေရာရောက်တိုင်း ဒီလူကြီးရဲ့အနုပညာက လှလိုက်တာလို့တွေးပြီး သက်ပြင်းချမိတယ်။ အနုပညာက လှတယ်။ နာကျင်ပစ်လိုက်ဖို့ ထိုက်တန်တဲ့ နာကျင်မှုကိုလည်းရတယ်။ နာကျင်နေတဲ့သစ်ရွက်ကလေးတွေဟာ စမ်းချောင်းလေးဘေးကို ကြွေကျသွားပါသတဲ့။ တစ်ချို့တဝက်လည်း ရေစီးအတိုင်း ပြန်မဆုံရာလမ်းကို မျောပါသွားမှာပေါ့။ တစ်ချို့လည်း စမ်းချောင်းလေးဘေးမှာ ညှိုးရော်နွမ်းလျသွားကြမှာပေါ့။
" မျှော််လင့်ခြင်းတွေ ဘယ်ဆီမှာ
ရာသီများစွာကုန်လွန်သွား "
သီချင်းထဲကသူဟာ အိပ်ယာကနိုးလာတယ်။ ဘဝထဲမှာ မရှိတော့တဲ့ တစ်ဦးတစ်ယောက်သောသူအကြောင်း သတိရမိတယ်။ အခန်းရှေ့မှာ မနက်ခင်းရဲ့ အစောဆုံး နေရောင်ခြည်ဟာ သူ့ကို စောင့်ဆိုင်းနေခဲ့တယ်။ ဒါပေမယ့် ဒီခံစားမှုဟာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်တော့ဘူး။ နောက်ဆုံးမတော့ သူရှာနေတာဟာ တစ်ယောက်ယောက်ကိုမဟုတ်တော့ပဲ မျှော်လင့်ခြင်းတွေကိုသာဖြစ်တယ်ဆိုတာ သူသိခဲ့ရတယ်။ အလိုမပြည့်မှု နဲ့ ခွဲခွာခြင်းတွေဆီက ရတဲ့ နာကျင်မှုရဲ့အသံကို မနက်ခင်းအလင်းရောက်အတိုင်း သူတစ်ကိုယ်တည်းရေရွတ်နေခဲ့မိတယ်။ တိတ်ဆိတ်စွာ။ ဒါဟာ ကမ္ဘာမြေပေါ်က နွေဦးရဲ့များစွာသော ပုံပြင်တွေထဲက တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်တဲ့။
(၄)
အရင်လလောက်က ကိုအောင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးကို ရေဒီယိုဘားမှာ ပြုလုပ်ခဲ့တယ်။ နွေဦးပုံပြင်သီချင်းကို သူသီဆိုခဲ့ပါတယ်။ ယောသံဟာ နားဆင်သူရဲ့အေးစက်နေတဲ့လက်ဖျားတွေကို အဝေးကနေ ဆုပ်ကိုင်ပေးထားသလို နွေးထွေးလို့။
နွေဦးပုံပြင်သီချင်းကို နားထောင်တိုင်း သဘာဝရဲ့ အငွေ့အသက်၊ လွမ်းဆွတ်ခြင်း၊ ချိုမြိန်တဲ့နာကျင်မှုတစ်ခု၊ နှလုံးသားရဲ့ လွတ်သွားတဲ့ကွက်လပ်တွေကို မဖြည့်ဆည်းနိုင်မှု ၊ နှစ်တွေလတွေ ရွေ့လျားနေမှု စတဲ့အရာတွေဟာ စန္ဒယားတီးလုံးတွေလို နှလုံးသားထဲ တိုးဝင်လာတတ်တယ်။ သီချင်းကို လူသူကင်းမဲ့တဲ့ အိမ်ပြန်လမ်းပေါ်က မျှော်လင့်ချက်နည်းပါးတဲ့နေ့တွေမှာ နားထောင်ခဲ့ဖူးပါတယ်။
ပါရီ ရီဝေ ခေါင်းစဥ်အောက်မှာ သီချင်းတွေအကြောင်း ရေးဖို့စဥ်းစားမိတော့ ဒီသီချင်းကို အရင်ဆုံးသတိရမိတာပဲ။ အနုပညာရှင်တစ်ဦးဆီက သီချင်းတစ်ပုဒ် ၊ ကဗျာတစ်ပုဒ် ၊ လှပတဲ့ နာကျင်ကြေကွဲမှုတစ်ခု။ နွေဦးရဲ့ ပုံပြင်တွေထဲမှာ ခင်ဗျားလည်း ပါဝင်နေခဲ့ဖူးမယ်ထင်ပါရဲ့။
နွေဦးပုံပြင် Youtube link- https://youtu.be/57-gLqZ5cm8
-ဆပ်ရိပ်
၂၂.၁၀.၁၉
Comments
Post a Comment