သူငယ်ချင်းတစ်ယောက်အကြောင်း


သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။သူ့နာမည်အရင်းကို ကျနော်မသိ။သူ့အသက်ဘယ်လောက်လဲ ကျနော်မသိ။
သူ့အကြောင်းအများကြီး ကျနော်မသိ။

သူနဲ့စသိတော့ အွန်လိုင်းဂိမ်းတစ်ခုမှာ။အဲ့တုန်းက ဆိုင်က တစ်နာရီလေးရာဆိုတော့ ကျနော့်မှာ သိပ်မဆော့နိုင်။ဒါတောင် တစ်နေ့၂နာရီလောက်၊တစ်ပတ်ကို လေးရက်လောက်ဆော့သေးတယ်။ ပွဲတစ်ပွဲဆော့ပြီး သူနဲ့ရင်းနှီးသွားတော့ နောက်ရက်တွေလည်း အချိန်တကူးတကချိန်းပြီး တွဲဆော့ဖြစ်သွားတယ်။ကိုယ်ပိုင်ဖုန်းလည်းမရှိတဲ့အချိန်ဆိုတော့ ဘယ်ချိန်တွေ့မယ်ဘရိုဆိုပြီး ဆိုင်အရောက်သွားပြီး ဆော့ဖြစ်နေတာပဲ။ပွဲတစ်ပွဲပြီးလို့ ခဏနားတဲ့အချိန်ဆို သောက်ပေါက်ကရတွေပြောကြ။ခွီကြပေါ့။တစ်ခါတစ်လေလည်း ခပ်တည်တည်အကြောင်းအရာတွေပြောဖြစ်ဖူးပါတယ်။နည်းတော့နည်းတယ်။နာမည်ကိုလည်း သူ့ game username Treasure ဆိုတော့ Ko Treasure လို့ပဲ ခေါ်ဖြစ်လိုက်တယ်။နောက်ကျ  သူ့ဘော်ဒါတစ်ယောက်ပါ ပါလာတယ်။ သုံးယောက်သား အားတဲ့နေ့တွေချိန်းပြီး ပျော်ပျော်ကြီးဂိမ်းဆော့နေခဲ့တဲ့အချိန်တွေ။

Ko Treasure က တော်တော်ပျော်တတ်တဲ့သူ။ဟာသဥာဏ်လေးလည်းရွှင်တယ်။သူတခွန်းတခွန်းပို့ရင် ရီနေရတာပဲ။ပွဲရှုံးနေရင်တောင် သူစောက်ခွက်ပြောင်နေတာနဲ့တင် စိတ်ကျဖို့အချိန်မရှိဘူး။သူကလည်း တတ်နိုင်သလောက် နိုင်အောင်ဆော့တယ်။ ခက်ခက်ခဲခဲနိုင်တော့မယ်ဆိုရင် ပွဲမပြီးခင်တည်းက သူ့မှာ လေတိုက်ကြမ်းနေပြီ။ဟိုကစိတ်တွေဆိုး။သူကခွီ။အဲ သူရှုံးပြီဆိုရင်ကျ တဟီးဟီးနဲ့ အောက်လေပြန်တိုက်တယ်။ဟိုက စိတ်ဆိုးလေ သူကခွီလေပဲ။တစ်ခါတစ်လေတော့ အသုံးမကျတဲ့ ကျနော်နဲ့သူ့ဘော်ဒါကို ပျစ်ပျစ်နှဲနှဲဆဲတတ်တယ်။ပြီးရင်လည်း ရီနေတာပါပဲ။စိတ်လိုလက်ရရှိရင်တော့ ငါရန်ကုန်လာလည်ပြီး မင်းနဲ့လက်ဖက်ရည်ဆိုင်လေးဘာလေးထိုင်ဦးမယ်ပြောတတ်တယ်။ဘရိုက ဘယ်ကလဲဆိုတော့ လေးမို့လို့ ပြောပြရမှာလားတဲ့။အဲ့လိုလူ။

အဲ့လိုလူနဲ့ ကျနော်ဆော့ဖြစ်ခဲ့တာ ခြောက်လလောက်ကြာမယ်ထင်တယ်။တစ်ရက်တော့ နေ့အတိအကျမမှတ်မိပေမယ့် တနင်္ဂနွေရက်ကြီးထင်တယ်။
မုန့်ဖိုးတော်တော်ရထားလို့ တစ်နေကုန်ဆော့ဖို့ကျနော်တို့ချိန်းထားတယ်။၉နာရီတည်းက ကျနော်ဆိုင်မှာရောက်နေပြီ။ခဏနေတော့ သူတို့တက်လာတယ်။ ညနေ ၆နာရီထိ ဆော့ကြတယ်။သူကတောင် ငာခေါက်ဆွဲပြုတ်နဲ့ပဲ လက်ထပ်လိုက်တော့မယ်လို့ပြောနေသေးတယ်။တစ်နေကုန်လည်း ရီလိုက်မောလိုက်နဲ့ပဲ ပြီးသွားတယ်။နောက်ဆုံးပွဲဆော့ပြီးတော့ နောက်လ ငါရန်ကုန်လာဖြစ်မယ်ထင်တယ်။သေချာမှမင်းကိုလှမ်းပြောမယ်တဲ့။ဘယ်လိုက်ပို့ပေးရမလဲဆိုတော့ ရွှေတိဂုံတော့ခဏသွားချင်တယ်။ပြီးရင် ဂိမ်းပဲဆော့မယ်လေတဲ့။ကျနော်လည်း အိုကေပေါ့ဆိုပြီး နောက်ဆော့မယ့်ရက်ကို အင်္ဂါနေ့ချိန်းလိုက်တယ်။သူက see u တဲ့။ကျနော်လည်း see u bro ပေါ့။

အဲ့ဒီ see u ပါပဲ။ကျနော်တို့ရဲ့ နောက်ဆုံးနှုတ်ဆက်စကားဖြစ်သွားခဲ့တယ်။အင်္ဂါနေ့ ဆော့ဖို့ချိန်းထားတဲ့အချိန် ဆိုင်ကိုရောက်သွားတော့ သူတို့မရှိဘူး။နှစ်ယောက်လုံး တက်မလာတာ။ကျနော်လည်း တစ်ခါမှမဖြစ်ဖူးတော့ ကြောင်နေတယ်။တစ်ယောက်တည်းလည်းမဆော့ချင်တာနဲ့ ပြန်လာခဲ့တယ်။ အဲ့လိုနဲ့ နောက်နှစ်ပတ်လောက်ထိ သူတို့ကိုမတွေ့ဘူး။ကျနော်လည်း ဘာလုပ်ရမှန်းမသိပဲ ဆိုင်ရောက်တိုင်း သူတို့ရှိမရှိပဲ check နေဖြစ်တယ်။တစ်ခါတစ်လေလည်း တစ်ပွဲနှစ်ပွဲဆော့ဖြစ်လာတယ်။ 

တစ်လပြည့်ခါနီးမှာတော့ မတော်တဆဆိုင်ရောက်သွားရင်း သူ့သူငယ်ချင်းနဲ့လိုင်းပေါ်မှာတွေ့တယ်။ကျနော်လည်း ဝမ်းသာအားရနဲ့ ဟာ ဘရို ဘယ်ပျောက်နေတာလဲဆိုပြီး စာလှမ်းပို့တယ်။သူက ချက်ချင်း ဟရောင်၊ ကိုtreasure ဆုံးပြီကွာတဲ့။ကျနော် တကယ်မယုံခဲ့ဘူး။အဲ့ညနေကပဲ အပြန်ဆိုင်ကယ်မှောက်ပြီး ဆုံးတာတဲ့။သူလည်းဆေးရုံပေါ်က ဆင်းတာတစ်ပတ်လောက်ပဲရှိသေးတယ်တဲ့။ကျနော်ဘာပြောရမှန်းမသိဘူး။ခဏနေတော့ သူလည်းout သွားတယ်။ကျနော်တစ်ယောက်တည်းစက်ရှေ့မှာ ငူငူကြီးထိုင်နေခဲ့တယ်။နောက်ပိုင်း ကျနော်လည်းဂိမ်းသိပ်မဆော့ဖြစ်တော့ဘူး။ပိတ်ရက်တစ်ရက်တော့ ရွှေတိဂုံသွားပြီး Ko treasure အတွက်ရည်စူးပြီး ပိုက်ဆံလေးနည်းနည်းလှူခဲ့တယ်။အလှူခံဖြတ်ပိုင်းရေးတဲ့သူက နာမည်နေရာမှာ Ko Treasure ဆိုတာကို တိုင်ပတ်နေလို့ ကျနော်ကိုယ်တိုင်ရေးခဲ့ရတယ်။

နှစ်တွေလည်းကြာပါပြီ။မေ့မေ့ပျောက်ပျောက်တောင်ရှိနေပြီ။တစ်နေ့က ဒီပုံလေးတွေ့မှပဲ Ko Treasure ကြီးကို သတိရမိတာပဲ။

You never know when the last bye is...

SY
15.3.19

Comments