Anyway, life goes on



Anyway, life goes on.

အနှစ်ငါးဆယ်လောက် သူပေါင်းသင်းလာခဲ့တဲ့ခင်ပွန်း ရုတ်တရက်ကွယ်လွန်သွားတော့လည်း စားနေကျဒီမုန့်ဟင်းခါးဆိုင်မှာ သူလာစားဖြစ်ခဲ့တာပဲ။ အတိအကျပြောရရင် သူတို့အိမ်ထောင်သက်က ၅၅နှစ်။ သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လက်နဲ့တောင်မရွယ်ဖူး။ အချေအတင်ရယ်လို့ ကြီးကြီးမားမားမဖြစ်ဖူး။ တစ်ယောက်က စိတ်မကြည်ရင် တစ်ယောက်က ဘာသိဘာသာနေလိုက်ခြင်းနဲ့ပဲ အဆင်ပြေနေခဲ့တာ။ သူ့ယောကျာ်းဆုံးတော့ မနှစ်က ဧပြီလထဲမှာပေါ့။ အပြင်လက်ဖက်ရည်ဆိုင်က ပြန်လာပြီး အခန်းထဲခဏဝင်အိပ်ရင်း ဆုံးသွားခဲ့တာပဲ။ အတူရှိခဲ့​​ကြတဲ့နှစ်ပေါင်းများစွာအတွက် နှုတ်ဆက်စကားတစ်ခွန်းတောင် မပြောခဲ့ရှာဘူး။ သူအခန်းထဲရောက်တော့ သူ့ယောကျာ်းအသက်မရှိတော့ဘူး။ အခုသူ့အသက် ၇၅နှစ်။ သူ့ယောကျာ်းက သူ့ထက် နှစ်နှစ်ကြီးတယ်။ မိသားစုကိုချစ်မြတ်နိုးသူတစ်ယောက် မိသားစုကိုခွဲခွာသွားခဲ့တယ်။

အစပိုင်းကာလများမှာတော့ သူ့အတွက် နေရထိုင်ရတာကြောင်တောင်တောင်နိုင်တယ်။ အင်းလေ။ ၅၅နှစ်ဆိုတဲ့ကာလဟာ နည်းနည်းလေးမှ မဟုတ်ပဲ။ မနက် ၆နာရီဆို သူအမြဲတမ်းကော်ဖီနှစ်ခွက်ဖျော်တယ်။ ဒီအကျင့်က သူတို့အိမ်ထောင်စကျကတည်းကပဲ။ သူ့ယောကျာ်းက ကော်ဖီအတော်သောက်နိုင်တဲ့သူတစ်ယောက်။ ဆိုတော့ မနက်၆နာရီဆိုတာနဲ့ မီးဖိုချောင်ထဲမှာ သူ့လက်က  ဖန်ခွက်နှစ်ခွက်ကိုင်ပြီးပြီ။ စားပွဲပေါ်ချပြီးပြီ။ ကော်ဖီမှုန့်နဲ့နို့ဆီတစ်ဇွန်းဆီ အဲ့ခွက်ထဲ ထည့်လိုက်ပြီ။ မနက်တိုင်း သူလုပ်ဆောင်နေပုံက ပရိုဂရမ်ထည့်ထားတဲ့စက်ရုပ်တစ်ရုပ်လို စနစ်တကျ။ နို့ဆီပိုသွားတာမရှိ။ ရေနွေးများသွားတာမရှိ။ 

သူ့ယောကျာ်းကွယ်လွန်ပြီး နှစ်ပတ်မြောက်နေ့မှာတော့ သူအိပ်ယာနိုးလာခဲ့တယ်။ ရက်လည်ပြီးပြီဆိုတော့ အိမ်မှာ သူနဲ့သူ့သားကြီးပဲ ရှိတော့တယ်။ သူနိုးလာတော့ ငါးနာရီနဲ့မိနစ်နှစ်ဆယ်။ သူ့သားက အိပ်လို့ကောင်းတုန်း။ သူမျက်နှာထသစ်တယ်။ ရေနွေးတစ်အိုးတည်တယ်။ ဘုရားစင်ရှေ့သွားပြီး သောက်တော်ရေလဲတယ်။ ငါးပါးသီလခံယူပြီး သွားလေသူခင်ပွန်းကို မေတ္တာပ်ို့တယ်။ ပြီးတော့ ခြေသံဖွဖွနင်းလို့ မီးဖိုခန်းထဲ ဆင်းလာခဲ့တယ်။ လက်က ကြောင်အိမ်ပေါ်တင်ထားတဲ့ ဖန်ခွက်နှစ်လုံးဆီ အလိုလိုရောက်သွားတယ်။ နို့ဆီထည့်တယ်။ ကော်ဖီမှုန့်ကိုထည့်တယ်။ ရေနွေးဓာတ်ဘူးကို ကိုင်ပြီး ခွက်နှစ်ခွက်ထဲရေနွေးလောင်းထည့်တော့ ကရားထိပ်ကနေ ရေနွေးတွေကျလာပုံက ရေတံခွန်လိုပဲ။ အငွေ့နွေးနွေးတွေလည်းမြင်နေရတယ်။ အဲ့အငွေ့တွေနဲ့ ခွက်ထဲရေနွေးကျနေတဲ့အသံကို အာရုံရောက်ရင်း စိတ်ကတစ်ခုခုကို ထိတ်လန့်တကြား ခံစားမိလာတယ်။ လိုတာထက်ပိုနေတဲ့ တိတ်ဆိတ်မှုတစ်ခု။ ခြောက်ကပ်မှုကြီးတစ်ခု။ သူဘယ်တော့မှမကြားရတော့မယ့် လူတစ်ယောက်ရဲ့ စကားသံတစ်ခု။ နောက်တစ်ခွက်ထဲ ရေနွေးထည့်ရဦးမလားဆိုတာကို အငွေ့တလှိုင်လှိုင်ထနေတဲ့ ပထမခွက်ကိုကြည့်ရင်း သူစဥ်းစားနေမိတယ်။ ဒီနေ့က သူ့အမျိူးသားမရှိတော့တာ ၁၄ရက်မြောက်နေ့ပဲ။

နောက်ဆုံးမှာတော့ နောက်တစ်ခွက်ကိုလည်း သူရေနွေးထည့်ဖြစ်ခဲ့ပါတယ်။ လူတစ်ယောက်ဟာ အမြဲလုပ်နေကျ အလုပ်တစ်ခုက်ို တိကနဲရပ်တန့်လိုက်ရင် အားလုံးဟာစနစ်တကျပျက်ယွင်းသွားနိုင်တယ်လို့ သူထင်တယ်လေ။ ဂျစ်ပ်ဆောအပိုင်းအစတေလို၊ ဒိုမီနိုသက်ရောက်ခြင်းလိုမျိုး တစ်ခုပြိုလဲတာနဲ့ တစ်ခြားအရာတွေလည်း အားလုံးတစစီ၊ အဓိပ္ပါယ်ကင်းမဲ့သွားခြင်းမျိုးပေါ့။ ဒီတော့ သူကော်ဖီနှစ်ခွက်ဖျော်တယ်။ သူသောက်မယ့်တစ်ခွက်ကို ထမင်းစားပွဲပေါ်တင်ခဲ့ပြီး နောက်တစ်ခွက်ကိုကိုင်လို့ အိမ်ရှေ့ထွက်ခဲ့တယ်။ တစ်ခြားလက်တစ်ဖက်ကလည်း ကိတ်ခြောက်တစ်ချပ်ကိုင်ထားတယ်။ ဒီအချိန်ဆို ခြေရင်းအိမ်က သားအမိတွေ လမ်းလျှောက်ထွက်ချိန်ပဲ။ ကလေးလေးက ငါးနှစ်သား။ "ဘွားဘွားဆီလာ မုန့်မုန့်စားမယ်" လို့ သူခေါ်လိုက်တော့ ကျိုးတို့ကျဲတဲသွားတွေကို ချစ်စရာကောင်းအောင်ပြုံးရင်း သူ့ဆီပြေးလာတယ်။ ကလေးအမေကလည်း သူ့ကိုပြုံးကြည့်လျက်သား။ အိမ်ရှေ့က ခုံရှည်မှာ သူတို့မြေးအဘွားထိုင်လိုက်ကြတယ်။ ကလေးကို ကိတ်ခြောက်နည်းနည်းဖဲ့ကျွေးတယ်။ ပြီးတော့ ကော်ဖီကို ဇွန်းအသေးနဲ့ခပ်ပြီး အပူသက်သာအောင် နည်းနည်းမှုတ်လိုက်တယ်။ ကလေးကိုခွံ့တယ်။ သူ့စိတ်ထဲမှာလည်း သူ့အမျိုးသားကော်ဖီကြိုက်တတ်ပုံအကြောင်း ပြင်းပြင်းထန်ထန်သတိရနေမိတယ်။ နောက်နေ့တိုင်းလည်း ဒီလိုပဲ သူကော်ဖီနှစ်ခွက်ဖျော်တယ်။ တစ်ခွက်ကို နီးစပ်ရာတစ်ယောက်ယောက်ကို တိုက်တယ်။ သူတို့သောက်တာမြင်တိုင်း သူ့အမျိုးသားကို စိတ်ထဲမှာ နွေးနွေးထွေးထွေးအမှတ်ရနေမိတယ်။

ဒီလိုအတွေ့အကြုံမျိုးက သူ့အတွက်ပထမဆုံးတော့ မဟုတ်ဘူး။ သူ့အဖေက ဖိနပ်ချုပ်သမားတစ်ယောက်။ သူ့ပညာမှာ လက်ဖျားခါလောက်အောင် ကမ်းကုန်တယ်။ တစ်သက်လုံး သူတို့အိမ်ကဖိနပ်တွေဟာ အဖေဖြစ်သူကြောင့် ကောင်းမွန်စွာ ဝတ်ဆင်ခဲ့ရတာချည်းပဲ။ ဒီတော့ ဖိနပ်နဲ့ပတ်သတ်လို့ သူတို့အိမ်မှာ ဘာအဆင်မပြေမှုမှ မကြုံခဲ့ရဘူး။ တစ်သက်လုံးရခဲ့တဲ့ဒိီအပိုင်းကိုလည်း သိပ်ထူးထူးခြားခြားကြီး အရေးပါတယ်လို့ မခံစားမိဘူး။ သူ့အဖေဆုံးသွားတော့ ဒီကိစ္စဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်လာတယ်။ စီးလတ်စဖိနပ်အကောင်းတွေ မတော်တဆပြတ်သွားတဲ့အခါ သူတို့မှာလုပ်စရာက နောက်ထပ်အသစ်တစ်ရန်ဝယ်လိုက်ဖို့သာရှိတယ်။ စျေးထဲက ဖိနပ်ချုပ်ဆိုင်တွေကလည်း သူ့အဖေရဲ့လက်ရာကို မီမှာမဟုတ်လို့ ခံစားရတာကြောင့်လည်း ပါမယ်။

သူ့ယောကျာ်းဆုံးပြီး နောက်ရက်သတ္တပတ်များမှာတော့ ဒီလိုပါပဲ။ မနက်တိုင်းစားနေကျ မုန့်ဟင်းခါးဆိုင်ကို ရောက်ဖြစ်တယ်။ ရက်ကနေ လဖြစ်လာတော့လည်း လူတွေအမြင်မှာ သူနဲ့သူ့ယောကျာ်းကို တွဲမမြင်ရတာဟာ ပုံမှန်အတိုင်းဖြစ်သွားပါတယ်။ တစ်ချို့ရင်းနှီးသူတွေကတော့ လမ်းမှာသူနဲ့တွေ့တဲ့အခါ "ကိုဖိုးမောင်ဆုံးတာတောင် ခြောက်လကျော်ပြီနော်" လို့ ပြောတတ်တယ်။ အဲ့အခါကျ သူက "ခုနှစ်လနဲ့ လေးရက်ပါ" လို့ သတိတရပြန်ပြင်ပေးမိတယ်။ ပြီးတော့လည်း ကိုယ့်လမ်းကိုလျှောက်ပြီး ကိုယ့်အိမ်ကို ပြန်လာခဲ့ကြရုံပေါ့။

အရင်ကဆို သူ့သားတွေကို ဆုံးမတဲ့အခါ "ငါမရှိမှ နင်တို့သိမယ်" ဆိုတဲ့စကားကို သူပြောနေကျ။ သူ့ယောကျာ်းဆုံးပြီးတဲ့နောက်ပိုင်း အဲ့စကားကို သူမပြောဖြစ်တော့ဘူး။ သူရှိသည်ဖြစ်စေ၊ သူမရှိသည်ဖြစ်​စေ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်နေသရွေ့တော့ အားလုံးရဲ့ ဘဝတွေက ဆက်သွားနေခဲ့တာမှတ်လား။ သူ့အတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။ သူ့သားအငယ်တစ်ယောက် အလုပ်လုပ်ဖို့ နိုင်ငံခြားကိုထွက်သွားတာ လွန်ခဲ့တဲ့လေးနှစ်က။ အခုတော့ သူ့လမ်းသူကျောင်းရင်း တိုင်းတစ်ပါးမှာ အခြေကျနေခဲ့ပြီ။ တစ်ခါတစ်လေ တစ်ပတ်တစ်ခါဖုန်းဆက်တယ်။ အဖေနဲ့အမေသုံးဖို့ ငွေစကြေးစလေးတွေ လစဥ်ပို့တယ်။ ယာဥ်မတော်တဆမှုနဲ့ သားအလတ်ဆုံးသွားတုန်းကလည်း သူတို့အကုန် သေလုမျောပါးကြေကွဲနာကျင်ခဲ့ရဖူးတာပါပဲ။ သားအလတ်လည်း လိမ္မာရေးခြားရှိသူတစ်ယောက်။ကံပါသလောက် မိသားစုမှာ အေးချမ်းစွာရှင်သန်ပေးခဲ့သူတစ်ယောက်။ ခုတော့လည်း မှတ်ဥာဏ်နဲ့ဓာတ်ပုံတွေမှာ ထာဝရရှင်သန်လျက်ပေါ့။ သူ့အနေနဲ့ ဘဝထဲမှာ ဒီလိုခင်ပွန်း၊ ဒီလိုသားတွေကို မိသားစုအနေနဲ့ရရှိခဲ့တာဟာ ကောင်းချီးမဂ်လာတစ်ခုပါပဲ။

သူ့ခင်ပွန်းဆုံးပြီး တစ်နှစ်ကျော်မှာတော့ အိမ်မှာကျန်တဲ့ တစ်ဦးတည်းသော သားအကြီးက အိမ်ထောင်ပြုဖို့ဖြစ်လာတယ်။ သားအကြီးရဲ့အသက်က အသက်၄၀နီးပါး။ ကောင်မလေးကလည်း ကျောင်းဆရာမလေး။ မွန်မွန်ရည်ရည်လေး။ အိမ်ထောင်ပြုဖို့ သူ့ကိုတိုင်ပင်တော့ မိဘတစ်ဥိီးအနေနဲ့ လိုက်လိုက်လျောလျောပဲ လိုအပ်တာတွေ ထုတ်ပေးမိတယ်။ ဒီသားအကြီးက  ဆယ်ကျော်သက်ကာလမှာ ဆိုးပေခဲ့တာရှိပေမယ့် တစ်သက်လုံးမိဘတွေကို ခြေဆုပ်လက်ကိုင်ပြုပေးခဲ့သူပဲ။ ဒါပေမယ့် ကိစ္စနည်းနည်းတော့ရှိနေတယ်။ သားအကြီးက သူ့ကိုဒီအိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့စိတ်မချဘူး။ တစ်ဖက်က ကောင်မလေးကလည်း တစ်ဦးတည်းသောသမီးဆိုတော့ ဒီအိမ်ကိုလိုက်မနေနိုင်ဘူး။ ဒါဆို သူကရော။   

သူ့အနေနဲ့ကတော့ ဒီအိမ်လေးမှာပဲ ခေါင်းချသွားချင်တယ်။ စားလောက်သောက်လောက်ရုံလည်းရှိတယ်။ သူကိုယ်တိုင်လည်း တတ်နိုင်သလောက် ဟိုလုပ်ဒီလုပ် အိမ်ကိစ္စလေးတွေ လုပ်နေချင်သေးတယ်။ ဆောင်းဦးရာသီရောက်တဲ့အခါ အိမ်ရှေ့ခန်းက ထိုင်ခုံပေါ်ကျနေတဲ့ နေရောင်ခြည်အလင်းတန်းထဲမှာ မြူမှုန်တွေမြင်နေရတာဟာ သူ့အကြိုက်ဆုံးရှုခင်းတစ်ခုကိုး။ အဲ့ခုံရဲ့အရှေ့နံရံမှာ သူတို့မိသားစုဓာတ်ပုံလေးရှိနေတယ်။

ဒီအိမ်မှာပဲနေခဲ့မယ်လို့ သူ့ဆုံးဖြတ်ချက်ကို ပြောလိုက်တော့ ပထမ သားအကြီးရဲ့တုံ့ပြန်တဲ့မျက်ဝန်းတွေမှာ စိတ်မချတဲ့အငွေ့အသက်ကိုရတယ်။ ပြီးတော့ "အမေက သိပ်ခေါင်းမာတာပဲ" လို့ ပြောချင်နေတဲ့ အားမလိုအားမရဖြစ်မှုကိုလည်းတွေ့တယ်။ ဒါပေမယ့် ကြိုးစားကြည့်တဲ့အနေနဲ့ သားအကြီးက သူ့မျက်လုံးတွေကို တောင်းပန်တိုးလျှိုးကြည့်ပြီး စကားတစ်ခွန်းပြောတယ်။ "ကျနော်မရှိရင် အမေအဆင်ပြေပါ့မလား" တဲ့။ အဲ့စကားကြားတော့ သူ့အတွေးတွေက ဘဝတစ်လျှောက် ချစ်ခင်ရသူတွေကို ဖျတ်ခနဲသတိရမိတယ်။ သူ့မျက်ဝန်းတွေကလည်း အိမ်အပြင်ဘက် စာကလေးအိမ်မှာ စပါးနှံတွေကို နှုတ်သီးနဲ့ထိုးနေကြတဲ့ ငှက်ကလေးသုံးကောင်ကို ငေးနေမိတယ်။ ခဏနေတော့ ငှက်လေးတွေဟာ သူမမြင်ရာအရပ်ကိုပျံသန်းသွားကြတယ်။  သူလည်း သားကြီးကိုပြန်ကြည့်ရင်း "ပြေမှာပါ သားရယ်" လို့ ခပ်တိုးတိုးပဲ ပြန်ဖြေလိုက်တယ်။ သားအကြီးက သူ့ကိုနားလည်စွာကြည့်တယ်။ ဦးချကန်တော့တယ်။တုန်ယင်နေတဲ့လက်တွေနဲ့ သူ့သားရဲ့ဦးခေါင်းကို ညင်သာစွာပွတ်သပ်ရင်း ဆုတောင်းပေးနေမိတယ်။ အော်။ ဦးချ​ပြီး မော့ကြည့်လိုက်တဲ့သူ့သားရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေနဲ့။ လူမိုက်ကြီးလို့ ငယ်ငယ်ကခေါ်ခဲ့တဲ့သူ့သားအကြီးက သူနဲ့ခွဲရမှာမို့ ငိုသတဲ့။ သူတို့သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ထွေးပွေ့ရင်း ငိုနေခဲ့တယ်။ အိမ်ရှေ့ခန်းမှာ နေရောင်ခြည်အလင်းတန်းလေးဟာ သူတို့မိသားစုဓာတ်ပုံပေါ်ကို တည့်တည့် ကျရောက်လို့နေတယ်။

Anyway, life goes on.

.........................................................................
"A life with love is a life that's been lived

ချစ်ခြင်းမေတ္တာများနဲ့ဘဝတစ်ခုဟာ ကောင်းမွန်စွာအသက်ရှင်နေထိုင်ခဲ့ပြီးတဲ့ ဘဝတစ်ခုပါပဲ

Supermarket Flower by Ed Sheeran "
.......................................................................

-ဆပ်ရိပ်
၉.၁.၂၀၁၉

Comments

  1. လူတစ်ယောက်ဟာ အမြဲလုပ်နေကျ အလုပ်တစ်ခုက်ို တိကနဲရပ်တန့်လိုက်ရင် အားလုံးဟာစနစ်တကျပျက်ယွင်းသွားနိုင်တယ်လို့ သူထင်တယ်လေ

    ReplyDelete
  2. စိတ်ထဲထိခတ်ခံစားရ

    ReplyDelete
  3. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment