A stranger inside the cafe
"I feel like I'm always searching for someone,or something"
- Taki Tachibana (Your Name)
ဆိုင်က သိပ်အကျယ်ကြီးတော့ မဟုတ်။နေရာကလည်း လမ်းမတန်းမဟုတ်ပဲ ရပ်ကွက်ထဲမှာဆိုတော့ လူအရမ်းမလာတဲ့ဆိုင်မျိုး။ဒါပေမယ့် ဒါကပဲ အေးအေးဆေးဆေးထိုင်ချင်တဲ့သူတွေအတွက် နှစ်သက်စရာနေရာတစ်ခုဖြစ်နေစေပြန်တယ်။လေအေးပေးစက်ကြောင့် အေးမြနေတဲ့ဆိုင်အတွင်းပိုင်းမှာ ကော်ဖီစက်တွေကနေရတဲ့ ကော်ဖီနံ့သင်းသင်းလေး။ပြီးတော့ တစ်ချိန်က သီချင်းဟောင်းတွေကို တစ်နေကုန်ခပ်တိုးတိုးဖွင့်ထားတဲ့ ဆောင်းဘောက်စ်တစ်လုံးနဲ့။ သူထိုင်နေကျနေရာကတော့ ဆိုင်ရဲ့ထောင့်ဘက်စွန်းက တစ်ယောက်စာစားပွဲလေးတစ်လုံးဘက်မှာပါ။
"ရှင် ဒီမှာ အမြဲထိုင်တယ်နော်"
ရုတ်တရက်စကားသံကြောင့် ခေါင်းငုံ့ပြီးစာဖတ်နေတဲ့သူ ဆတ်ကနဲဖြစ်သွားတယ်။သူ့ရှေ့မှာ မိန်းကလေးတစ်ယောက်ထိုင်လို့။စာအုပ်မှာပဲ အာရုံရသွားသလား၊ မိန်းကလေးကပဲ ခြေသံလုံလွန်းသလား။ ခက်တာက ခုစကားပြောနေတဲ့ မိန်းကလေးကို သူမသိတာပဲ။
"ကျနော်တို့ သိကြလားဗျ " တခြားဘာပြောရမှန်းမသိတော့လည်း အားတုံ့အားနာနဲ့ အမေးစကားကိုပဲ ပြုရပြန်တယ်။ မတော်တဆ facebook မှာ မျက်မှန်းတန်းမိတဲ့သူလည်းဖြစ်နေနိုင်တာကိုး။
မိန်းကလေးက ခေါင်းခါပြတယ်။သူလည်းစိတ်ရှုပ်သွားတယ်။သူ့ကို ဘယ်သူစိမ်းကမှ ကိစ္စထူးထွေမရှိပဲ ခုလိုစကားလာမစဖူးဘူး။ ယုတ်စွအဆုံး ဘယ်သွားသွား အေးစက်စက်နဲ့ စကားနည်းလွန်းတဲ့ သူ့ပုံစံကြောင့် လမ်းမသိလို့မေးတဲ့ ဖြတ်သွားဖြတ်လာတောင် မရှိဖူးဘူးဆိုပါတော့။ခုမိန်းကလေးကလည်း သူတို့ကုမ္ပဏီပစ္စည်းတစ်ခုခု မားကက်တင်းဆင်းတဲ့ပုံစံလည်း မပေါက်ပြန်ဘူး။စက္ကန့်ပိုင်းအတွင်း အတွေးတွေအများကြီးနဲ့ သူစိတ်ပိုရှုပ်သွားပါတယ်။
"ဆိုတော့ ကျနော် ဘာလုပ်ပေးနိုင်မလဲဗျ။ ကျနော်တို့ချင်းလည်း မသိဘူး။ကျနော်ဒီမှာအမြဲထိုင်တာတော့ သိတယ်။ခက်တာက ခင်ဗျားကိုလည်း ဒီမှာတခါမှမတွေ့ဖူးဘူးထင်တာပဲ"
ရုတ်တရက် စားပွဲထိုးရောက်လာပြီး သူမှာထားတဲ့ကော်ဖီလာချသွားတယ်။ အနံံလေးကိုမွှေးလို့။ အကိုဘာမှာဦးမလဲတဲ့။သူခေါင်းခါပြလိုက်တယ်။မိန်းကလေးဘက်ကိုတော့ လှည့်တောင်မကြည့်ဘူး။ထိုင်နေကျမဟုတ်လို့ထင်ပါရဲ့။
"ရပါတယ်။ရှင်ဘာမှမလုပ်ပေးနိုင်ပါဘူး။ပြောစရာလေးနည်းနည်းရှိလို့ပါ။ ရှင်မြို့အပြင်က ဝတ်ပြုတဲ့ရုပ်တုဆီ သွားသေးတယ်မှတ်လား။"
"အင်း။တစ်နေ့ကတော့ သွားသေးတယ်။တစ်ခြားလုပ်စရာမရှိတဲ့နေ့ဖြစ်နေတာကြောင့်ရယ်၊ စိတ်က ဖုန်မှုန့်တွေလိုမျိုး ဝေဝါးပြီး လွင့်မျောနေတာကြောင့်ရယ်"
စကားပြန်ပြောပြီးမှ သူ့ကိုယ်ကို အံံသြရပြန်တယ်။ထူးထူးဆန်းဆန်း သူတောင်နှုတ်တွေဘာတွေသွက်လို့။စကားပြောလို့ကောင်းတဲ့နေ့တစ်နေ့ပဲ လို့ခံစားလိုက်ရတယ်။
" ရှင် ဘာဆုတောင်းခဲ့လဲ"
"ဗျာ"
မွှေထားတဲ့ ကော်ဖီရည်တွေ ခွက်ထဲမှာ လည်နေတာကို မြင်နေရတယ်။သူဆုတောင်းခဲ့ပေမယ့် မမှတ်မိတာတော့သေချာတယ်။
"မမှတ်မိတော့ဘူးဗျ။ ကျနော်ကိုယ်တိုင်ကိုက ဆုတောင်းတွေကို အယုံအကြည်မရှိပါဘူး။အဲ့နေ့က စိတ်ကူးတည့်ရာ လျှောက်လုပ်ခဲ့တာပဲ။ဒါနဲ့ကျနော်ဆုတောင်းတာ ခင်ဗျားက ဘယ်လိုသိ.."
စကားဆုံးအောင်မပြောဖြစ်။ဒီထူးဆန်းတဲ့မိန်းကလေးအကြောင်း ထူးဆန်းတာတွေပြောနေရင် အူကြောင်ကြောင်သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားဖို့ပဲရှိတယ်မှတ်လား။
"A warm place with no memory ဆိုတာကို ရှင်ဆုတောင်းခဲ့တယ်လေ။မှတ်မိပြီလား"
"အော်.."
"အဲ့ဒါ Shawshank Redemptionရုပ်ရှင်ထဲက စကားပဲ။ဘဝရဲ့ လက်ကျန်အချိန်တွေကို နွေးထွေးပြီး ဘာမှတ်ဥာဏ်မှ မရှိတဲ့နေရာတစ်ခုမှာ ဖြတ်သန်းသွားချင်တယ်ဆိုတာလေ။ကျနော်အဲ့ဒါ ဆုတောင်းခဲ့မိတာထင်တယ်။ဒါဆိုလည်း မဆိုးပါဘူး။ဆုတောင်းပြည့်ခဲ့ရင်ပေါ့လေ။ပြောခဲ့သလိုပဲ ကျနော်ကိုကအယုံအကြည်မှမရှိတာ"
"သေချာပြီလား ရှင့်ဆုတောင်းနဲ့ပတ်သတ်လို့"
".......။ ဘာလို့လဲဗျ"
"ကျမပြောပြစရာလေးတွေရှိတယ်။အရင်နားထောင်ကြည့်ပါ"
သူပြောတဲ့ စကားတွေက ဒီလိုပါ။
..............................................................................
"မှတ်ဥာဏ်က ကျမတို့ဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပဲ။ဒါကို ကျမမပြောလည်း ရှင်သိပါတယ်။ ဒါပေမယ့် ရှင်က မှတ်ဥာဏ်တစ်ခုလုံးပျောက်သွားချင်တာလည်း မဟုတ်ပြန်။ရှင် ခုနောက်ပိုင်းနှစ်တွေမှာ ခံစားနေရတဲ့ emotion တွေနဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်တွေ လူတွေကိုသာ မေ့ချင်နေခဲ့တာပါ။ရှင့်ဆုတောင်းက စကားလုံးနည်းနည်းလေးဆိုပေမယ့် စိတ်ထဲကပြန့်နေတဲ့အတွေးက အဲ့တိုင်းပဲမှတ်လား။
လွန်ခဲ့တဲ့ဆယ်နှစ်က ကျမလည်း အဲ့လိုဆုတောင်းခဲ့တယ်။ရှင်ဆုတောင်းခဲ့တဲ့စကားလုံးအတိုင်း အတိအကျပဲ။ ကျမကိုယ်တိုင်လည်း Shawshank ရုပ်ရှင်ကြိုက်တဲ့သူဆိုတော့ စကားလုံးအငှါးနဲ့ဆုတောင်းလိုက်တဲ့သဘောပါ။ ဇာတ်ကောင်ရဲ့ခံစားချက်ကလည်း သူ့မိန်းမကိုရှင်ကွဲရော သေကွဲရောဆုံးရှုံးခဲ့ရတဲ့အပြင် ထောင်ပါနှစ်ရှည်ကျခဲ့ရတဲ့လူတစ်ယောက်ရဲ့ စကားလုံးတွေကိုး။ နွေးထွေးတဲ့နေရာတစ်ခုမှာ ဘဝရဲ့လက်ကျန်အချိန်တွေကို ဘာမှတ်ဥာဏ်မှမရှိတော့ပဲ ဖြတ်သန်းရဖို့တဲ့။ ကျမက အဲ့ဒါကို ဆုတောင်းအနေနဲ့သုံးခဲ့တယ်။ခုတော့ ရှင်ရောပဲ"
"မနှစ်က ကျနော့်အဖေဆုံးတယ်။အရင်အပတ်ကမှ ကျနော့်အိမ်မွေးခွေးလေး ကားတိုက်ခံရတယ်။ကျနော့်ဘဝမှာ သံယောဇဉ်များများမရှိဘူးဗျ။ အဖေဆုံးသွားတာဟာ ကျနော့်အတွက် သိသိသာသာဆိုတာထက် ပိုပြီးတောင် ထိခိုက်ခဲ့တယ်။ဖရိုဖရဲဘဝတစ်ခုရလာတယ်။ကျနော့်ရဲ့ဆင်ခြင်တုံတရားကြောင့် အလုပ်ကလေးတော့ ကောင်းကောင်းလုပ်နိုင်သေးတယ်။အဲ့အပြင် ပါပီ့ကိုပါ ထပ်ဆုံးရှုံးရတော့ ကျနော်ဆောက်တည်ရာမရဘူး။ကျနော်က စိတ်အပေါက်ကြီးနဲ့ အသက်ရှင်နေရတဲ့သူလိုပဲ။ အရာအားလုံးကို ကျနော်ဆက်သွားနေ၊ဆက်လုပ်နေလို့ရတယ်။ဒါပေမယ့် ကျနော့်စိတ်ထဲက လွတ်သွားတဲ့ကွက်လပ်တွေကို သတိရတိုင်း ဖြည့်ဖို့ကြိုးစားနေမိတယ်။ ခက်တာက ဘာမှထူးမလာဘူး။ ပြီးတော့ကျနော့်ရည်းစားနဲ့ပြတ်တာလည်း တစ်နှစ်မပြည့်လောက်သေးဘူး။ အဲ့လိုလွတ်သွားတဲ့ Gap တိုင်းကို ကျနော်တခြားအရာတွေနဲ့အစားထိုးဖို့ ကြိုးစားပေမယ့် လုံးဝမအောင်မြင်ခဲ့ဘူး။
ကျနော်ထင်တာကတော့ အရာဝတ္ထုကိုယ်စီမှာ unique value နဲ့ဆိုတော့ ဆုံးရှုံးလိုက်ရရင် ဘယ်တော့မှ အစားထိုးလို့မရပဲ သတိရနေပြီး နာကျင်နေရတာမျိုးပဲဖြစ်နေလိမ့်မယ်ထင်တယ်။ကြာတော့ အဓိပ္ပါယ်မရှိတဲ့ရှင်သန်မှုမျိူးလိုခံစားလာရတယ်။တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို မသေချာပဲ စောင့်မနေမိသလိုပဲဗျာ။ကြာတော့ ဒီ emotion တွေနဲ့ ကျနော်အသက်ရှုကျပ်လာတယ်။အချိန်တိုင်း နာကျင်စရာတွေကို သတိရနေရင်း စိတ်အပေါက်ကြီးနဲ့ နေ့စဉ်သွားလာနေရတာ ပင်ပန်းတယ်။ဒီတော့ လုပ်မိလုပ်ရာ ဆုတောင်းမိတဲ့သဘောပါ။"
မိန်းကလေးဆီက သက်ပြင်းချသံကြားရတယ်။စကားအရှည်ကြီးပြောပြီးတော့ ကော်ဖီခွက်ကိုပဲ သူငုံ့ကြည့်နေမိတယ်။ ရှေ့ကစကားသံပြန်ကြားရတယ်။
"လူအဖြစ်နဲ့ ခံစားချက်တွေဟာ ဘယ်လိုမှခွဲခြားလို့မရဘူးရှင့်။ တစ်စုံတစ်ခုကို သတိရနေရတာကိုက ဘဝရဲ့တစိတ်တပိုင်းပဲ။ရှင့်ဆုတောင်းက သဘာဝကိုသွေဖယ်နေတာ"
"ဘယ်ဆုတောင်းကရော အရှိတရားကို မသွေဖယ်လို့လဲဗျ ဟားဟား"
"ဆယ်နှစ်တာဆိုတဲ့ အချိန်ကာလကို ဘာခံစားချက်နဲ့မှတ်ဥာဏ်မှမရှိပဲ ရှင်သန်ရတာ ဘယ်လောက်ခက်ခဲလဲရှင်သိလား။ ကျမဟာ ခံစားချက် နဲ့ပတ်သတ်သမျှ အဖြစ်အပျက်နဲ့ မှတ်ဥာဏ်တွေကို နာရီပိုင်းအတွင်းမေ့ပျောက်သွားတတ်တယ်။ နာကျင်စရာရယ်လို့ ကျမမှာမရှိဘူး။ဒါပေမယ့် အထီးကျန်သလိုခံစားရလို့ အရက်လေးဘာလေးသောက်မိတဲ့ ညသန်းခေါင်တွေမှာတောင် ကျမသတိရကြောင်း ငိုယိုပြီ းပြောစရာလူမရှိဘူး။ရှိနေရင်လည်း ကျမမှတ်မိမှာ မဟုတ်ဘူး။ကျမဆုံးရှုံးခဲ့ရတဲ့သူတစ်ယောက်ယောက်ရဲ့ အုတ်ဂူတွေဘာတွေလည်း ကျမမသိနေဘူး။ဘယ်နေရာတွေရောက်သွားသွား ကျမမှာ ဘယ်သူနဲ့ပတ်သတ်နဲ့မှတ်ဥာဏ်မှရှိမနေဘူး။ စက်ရုပ်နဲ့တူတဲ့ဘဝတစ်ခုမှာ ဆယ်နှစ်ကျမရှင်သန်နေခဲ့ရတယ်။ဒီနေ့က ဆယ်နှစ်ပြည့်တဲ့နေ့ပဲ။ဒီကြားထဲမှာ အသက်မသေခဲ့တာတောင် ကျမပျော်မိတယ်။ရှင့်အပေါ်မူတည်ပြီး သတိရစရာလူတွေရှိတဲ့ဘဝတစ်ခုကို ကျမ ပြန်ရကောင်းရနိုင်တယ်။အတင်းတိုက်တွန်းခွင့်တော့ မရှိပါဘူး။
ဒီတော့ ရှင့်ဆုတောင်းကို ပြန်စဉ်းစားပါဦးလား"
ဒီမိန်းကလေးက ရူးနေသလားစဉ်းစားမိပေမယ့် အဲ့ပုံစံလည်းမပေါက်ပါဘူး။သူလည်း စွတ်တိုးဖို့ပဲ စဉ်းစားလိုက်တယ်။
"သေချာပါတယ်။စိတ်ထဲက မပြည့်တော့မယ့်gap တွေကို ဖြည့်နေရမယ့် ဘဝတစ်ခုမှာ ကျနော်မပျော်ဘူး"
မိန်းကလေးက သက်ပြင်းချတယ်။ပြီးတော့ လေးတုံ့လေးကန်နဲ့ ခေါင်းငြိမ့်ပြီး ကောင်းပြီလေလို့ပြောတယ်။
"ရှင့် လက်ဖဝါးတွေဆုပ်ပြီး မျက်လုံးတွေကို ၁မိနစ်လောက်မှိတ်ထားပေးပါ။"
စကားအတိုင်း သူမျက်လုံးတွေမှိတ်ထားလိုက်တယ်။စိတ်ထဲကလည်း ပေါက်ကရတွေလို့တွေးမိပြီး ရီချင်နေတယ်။၂၆စက္ကန့်၊စက္ကန့် ၃၀၊ ၄၅စက္ကန့်၊ စက္ကန့် ၅၀၊ ၅၁...၅၂..၅၆၊၅၈၊၅၈၊၅၉.......၆၀........။
........................................................................
သူ့ရှေ့မှာ ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်။မျက်ရည်တွေဝဲလို့။ ပျော်စရာတစ်ခုခုရလာလို့ ဖြစ်လာတဲ့ မျက်ရည်တွေလိုမျိုးပဲ။ သူ့ကိုစကားတွေပြောနေတယ်။
"ကျမ ဖုန်းနံပါတ်ယူထားပါ။ရှင်အဆင်မပြေမှာ ကျမစိတ်ပူတယ်။အထီးကျန်သလိုခံစားရရင် ဒီနံပါတ်ကိုဆက်လိုက်ပါ။ဖုန်းနံပါတ်အပြင် စာတကြောင်းလည်းရေးထားတယ်။အဲ့ထဲကအတိုင်းပါပဲ။ကျမကတော့ ဒီညနေ အိမ်ကိုပြန်မယ်။လွန်ခဲ့တဲ့ဆယ့်တစ်နှစ်က အိမ်မီးလောင်ပြီးဆုံးခဲ့တဲ့အဖေနဲ့အမေနေခဲ့ကြတဲ့ အိမ်ရှေ့ခန်းကိုကြည့်ပြီး ငိုမယ်။အိမ်ဗလာကြီးလို နေရာအသစ်တစ်ခုလိုနေရာကို ပြန်ခဲ့ရတာကြာပြီ။ရှင်သိလား။သတိရစရာတစ်ခုခုရှိနေတာက ရှင်ထင်သလောက်မဆိုးပါဘူး။အတိတ်တွေဟာ
အတောင်မရှိတော့တဲ့ လိပ်ပြာလေးဆိုရင်လည်း သိမ်းထားဖို့ထိုက်တန်ပါတယ်"
ဒီမိန်းကလေး ဘာတွေပြောနေတယ်သူမသိ။အခုမှရောက်လာတဲ့သူတစ်ယောက်က သူ့ကိုဘာလို့ဖုန်းဆက်ဖို့ပြောနေတာပါလိမ့်။အူကြောင်ကြောင်နဲ့လို့တွေးပြီး စားပွဲပေါ်က ထလိုက်တယ်။ ကောင်မလေးကတော့ သူ့ကိုနားလည်တဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။ ယဉ်ကျေးမှုအရ ပေးတဲ့စာကိုတော့ ယူခဲ့လိုက်တယ်။သူထွက်လာတော့ ကောင်မလေးဟာ စားပွဲပေါ်မှောက်ပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တယ်။သူအိမ်ပြန်ရဦးမယ်။ပြန်ရောက်ရင်စာပိုလို့့တစ်ယောက်ယောက်ပြောထားသလား။ဝါးတားတားပါပဲ။သူမမှတ်မိလို့ မေ့ထားလိုက်တယ်။လမ်းမပေါ် ရောက်မှ မိန်းကလေးပေးလိုက်တဲ့စာကို ဖြန့်ကြည့်လိုက်မိတယ်။
............................................................................
" 098990921
သတိရစရာလူမရှိတဲ့ဘဝမှာ ဆက်ချင်လာရင်ဆက်ပါ။၃.၄.၂၀၂၉ နောက်ဆယ်နှစ်တိတိမှာ ဒီဆိုင်ကို ပြန်လာခဲ့ရမယ်။ဒီစာက ရှင့်အတွက်ထူးဆန်းနေလိမ့်မယ်။ဒါပေမယ့် ဘာအကြောင်းနဲ့မှ စာကိုမလွှတ်ပစ်လိုက်ပါနဲ့။လုံးဝသိမ်းထားပေးပါနော်"
တကယ့်ကြောင်တောင်တောင်စာပါ။ သူရီပြီး လက်နဲ့ခြေမွလွှင့်ပစ်လိုက်တယ်။စာဟာ လမ်းဘေးက မြောင်းကလေးထဲမှာ မျောရင်း စက္ကန့်ပိုင်းအတွင်း နစ်မြုပ်သွားတာမြင်လိုက်ရတယ်။စိတ်ထဲ ဗလာသက်သက်ကြီးလိုပဲ။တိမ်တွေ ညိုမည်းပြီး လမ်းပေါ်မှာ လေတွေအရမ်းတိုက်နေတယ်။
မိုးတွေသည်းသည်းမဲမဲရွာကျလာခဲ့လေတယ်။
-ဆပ်ရိပ်
၂၅.၅.၂၀၁၉
Comments
Post a Comment