a random story

ကိုယ်ချစ်တဲ့သူအကြောင်းပြောတဲ့အခါ မျက်ဝန်းတွေ အ​ရောင်တောက်လာတတ်ကြတာပဲမှတ်လား။ အချစ်အကြောင်းပြောရင် အရက်မူးတိုင်း ချစ်ဦးသူအကြောင်းပြော​ပြတတ်တဲ့ အစ်ကိုတစ်ယောက်ကို သတိရတယ်။ သူဆိုနေကျသီချင်းတစ်ပုဒ်ကိုလည်း သတိရမိတယ်။ လွန်ခဲ့တဲ့နှစ်က ဒီလိုအချိန်မှာ ယာဥ်တိုက်မှုနဲ့ သူဆုံးပါးသွားခဲ့ရှာပါပြီ ။ မနက်က ဖိတ်စာပုံပြန်တွေ့တော့ သူ့ကိုသတိရသွားလို့။ ဆုံးသွားတဲ့အကြောင်းကတော့ ဇာတ်သိမ်းမှ မျက်ရည်ချူရေးတယ်ထင်မယ်စိုးလို့ ကြိုပြောပြထားတာ။ ကျနော်ကတော့ အခုခေတ် မြီးကောင်ပေါက်တွေ tag တွဲပြီးတင်ကြတဲ့ ချစ်တယ်ဆိုတဲ့ စတေးတပ်တွေတွေ့တိုင်း အဲ့အစ်ကိုကို ပြေးမြင်မိတာပဲ။

အဲ့အစ်ကိုကို ကျနော်တို့က ကိုလွန်းလို့ ခေါ်တယ်။ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း ၊ မိန်းကလေးတွေ ကျလောက်တဲ့ရုပ်ရည်မျိုး။ ကျနော်တို့ထက် ဆယ်နှစ်လောက်ကြီးတယ်။ သူချစ်နေတယ်ဆိုတာကလည်း သူ့သူငယ်ချင်းမ အရင်းကြီးကို နှစ်ရှည်လများချစ်နေခဲ့တာ။ ကျနော့်အထင် ငါးနှစ်လောက်ရှိမယ်ထင်တယ်။ အဲ့အစ်မရဲ့နာမည်က ရည်ရွယ်လို့ ခေါ်တယ်။

ကိုလွန်းနဲ့ အဲ့အစ်မနဲ့က သင်တန်းတစ်ခုမှာသိတယ်။ သူငယ်ချင်းအရင်းကြီးတွေလို ရင်းနှီးသွားကြတယ်။ ကံဆိုးချင်တော့ ကိုလွန်းက ချစ်သွားတယ်ဆိုပါတော့။ အချစ်ဆိုတာ ဘာညာဘယ်လိုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ၊ စကားပုံတွေကို ကျော်လိုက်။ ကိုလွန်းတစ်ယောက် မရည်ရွယ်ကို ချစ်တဲ့ပုံံစံက တစ်မျိူးတော့ တစ်မျိုးပဲ။ ယောကျာ်းပီသတယ်ပဲသုံးရမလား။ မပြောတတ်ဖူး။

တစ်ခါက ကျနော်တို့ ဂစ်တာတီးနေတုန်း ကိုလွန်းက မူးပြီးရောက်လာဖူးတယ်။ ညီလေး တစ်ပုဒ်လောက်တီးကွာတဲ့။ ဘာသီချင်းလဲဆိုတော့ မျိုးကြော့မြိုင်ရဲ့ သတိရရင်ပြီးတာပဲ တဲ့။ ကျနော်တီးပေးတော့ သူဆိုတယ်။ မူးနေတဲ့အချိန်ဆိုတော့ ရီဝေဝေနဲ့ နင့်နင့်နဲနဲကြီးဆိုတာ။ chorus အပိုဒ်အဆုံးက "မင်းလေးကိုယ့်ကို သတိရပြီးတာပဲ" ဆိုတဲ့နားကို သူ့လေယူလေသိမ်းနဲ့ဆိုတာ တော်တော်နားထောင်လို့ကောင်းတာမှတ်မိတယ်။

ကိုလွန်းနဲ့ မရည်ရွယ်ရဲ့ ပြသနာက သူတို့ရောက်နေတဲ့ ဖရန့်ဇုန်ပါ။ ဖရန့်ဆိုတာကလည်း အပေါ်ယံပတ်သတ်မှုမဟုတ်ဘူး။ တစ်ယောက်အကြောင်းတစ်ယောက်သိသလို နားလည်း လည်ကြတယ်ဆိုတဲ့ လေးလေးနက်နက် friendship မျိုးပဲ။ ကိုလွန်းချစ်နေတာကိုလည်း ဟိုကသိတယ်။ခက်တာက ဘယ်သူမှ ရှေ့မတိုးကြတော့ဘူး။ ယောကျာ်းလေးဘက်က ရှေ့မတိုးရင် မိန်းကလေးဘက်ကတော့ ပိုဝေးပေါ့။ ဒီတော့ သူတို့က ဒီလိုပဲ နေနေလိုက်ကြတယ်။

ဒီစကားတွေကိုပြောနေတဲ့အချိန်မှာ သူမူးနေခဲ့တာ။ သူစပြောတာက "ငါ ရည်ရွယ့်ကို သတိရတယ်ကွာ"တဲ့။ ကျနော်တို့က ရည်ရွယ်ဆိုတာ ဘယ်သူလဲ ဘယ်သိပါ့မလဲ။ ဒါပေမယ့် အခြေအနေအရ ခပ်ပါးပါးလေး နားလည်လိုက်ရတယ်။ သက်ဆိုင်သူပေါ့။ 
"ငါသူနဲ့မတွေ့ရတာ တစ်နှစ်ကျော်ပြီ။ စကားမပြောဖြစ်တာလည်း ကြာပြီကွာ" တဲ့။ 

ဖြစ်ပုံက သူတို့ရှေ့မတိုးနောက်မဆုတ်အချိန်မှာ မရည်ရွယ်က ဘဲရသွားတယ်။ ထင်ထားပြီးသားဆိုပေမယ့် ကိုလွန်းခမျာ တော်တော်ခံစားလိုက်ရတယ်။ သူ့ခံယူချက်က အရမ်းရင်းနှီးတဲ့မိန်းကလေးတစ်ယောက်က ရည်းစားရသွားတဲ့အခါ တစ်ဖက်ယောကျာ်းလေးကို ကိုယ်ချင်းစာလေးစားပေးတဲ့အနေနဲ့ တတ်နိုင်သလောက် ခပ်ခွာခွာနေပေးသင့်တယ်ပေါ့။ ဆိုတော့ အရင်ထက် အများကြီးအဆက်အသွယ်ပြတ်သွားကြတယ်။

ခက်တာက မရည်ရွယ်ကလည်း စိတ်ပြတ်သားပုံမပေါ်ဘူး။ အဆင်မပြေတဲ့အချိန်ကျရင် ကိုလွန်းကို ဆက်သွယ်တတ်တယ်။ စကားပြောတတ်တယ်။ ကိုလွန်းကလည်း ပြောရှာပါတယ် "ကိုယ့်ကိုတကယ်နားလည်တဲ့သူဆီမှာပဲ ငိုချင်တယ်လို့ ရည်ရွယ်ကပြောတော့ ငါစိတ်မကောင်းဘူးကွာ။ ငါလည်းဘာလုပ်ရမှန်းမသိဘူး။ အထူးသဖြင့် ရည်ရွယ်နဲ့က တစ်သက်လုံး ဘော်ဒါလိုနေသွားမယ်ဆိုရင် ငါလက်လှမ်းမီသလောက် စောင့်ရှောက်နေလို့ရတယ်။ သမီးရည်းစားဖြစ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် ပြတ်သွားရင် ငါလည်းပြတ်နိုင်မှာမဟုတ်တဲ့အပြင် သူ့ကိုလည်း လုံးဝတွေ့ရတော့မှာမဟုတ်ဘူး။ ငါသူ့ကိုစောက်ရမ်းချစ်တာ" တဲ့။ ကျနော်ထင်တာ သူ့အတွက် အချစ်စိတ်အပြင် သူငယ်ချင်းလိုသံယောဇဥ်ကလည်း တော်တော်ကြီးပုံရပါတယ်။ ဒီစိတ်ကပဲ ချစ်ခြင်းထက်ပိုတဲ့စိတ်ကို ဖြစ်လာစေတာထင်တယ်။

မရည်ရွယ် ရည်းစားရသွားပြီးတဲ့နောက် ကိုလွန်းလည်း ပွေတတ်ရှုပ်တတ်လာတယ်။ ဘယ်သူနဲ့မှ အတည်တကျဖြစ်မလာပေမယ့် သူရွှေ့နေတဲ့ အကွက်တွေအကြောင်း ခဏခဏကြားရတယ်။ ခက်တာက သူဘယ်သူ့ကိုမှ မချစ်။ သူပြောတဲ့စကားရှိတယ်။ "ငါမိန်းမတစ်ယောက်ကို နင့်နင့်နဲနဲချစ်ခဲ့တာ ရည်ရွယ်ပဲရှိတယ် ငါ့ကောင်ရာ။ အခုအချိန်မှာ ဘယ်သူဘယ်ဝါရယ်လို့ စိတ်ထဲထည့်မရတော့ဘူး။ ရည်ရွယ့်ကြောင့် ငါစောက်ရမ်းပျော်ဖူးတယ်။ ငိုလည်းငိုဖူးတယ်။ ရန်လည်းအကြီးအကျယ်ဖြစ်ဖူးတယ်။ ခုအနေဝေးနေတော့ အဲ့အချိန်တွေကို သတိရမိတာပဲ။  ဒါပေမယ့် ငါတို့ကြားက Bond လေးက ဘယ်လောက်ခိုင်လဲ ငါရောသူရောသိပါတယ်။ အခုက ငါ့စိတ်က ရည်ရွယ့်အပေါ်ဖြစ်ခဲ့တဲ့ခံစားချက်မျိုး ဘယ်သူ့အပေါ်မှ ထပ်မဖြစ်တော့ဘူးဖြစ်နေတယ်။ ငါလုပ်သမျှက ပေါ့ပျက်ပျက်နဲ့ အဓိပ္ပါယ်မရှိဘူး" လို့သူကပြောတော့ ကျနော်တို့ကလည်း "အစ်ကိုက အချစ်တွေအကုန်သုံးလိုက်တာကိုး" လို့ ဝိုင်းနောက်ကြတယ်။ သူက ဟုတ်မယ် လို့ ပြောပြီး ရီတယ်။ အဲ့ညက ကျနော်တို့အတွက် မုန့်တွေဝယ်ကျွေးသွားတယ်။ ရည်ရွယ်နဲ့ ပြန်တွေ့ရအောင် ဆုတောင်းပေးကွာ။ အပြင်မှာအဆက်အသွယ်မရတာကြာပြီတဲ့။

တစ်ရက်တော့ သူက ကျနော်တို့ဆီ အူမြူးပြီး ရောက်လာတယ်။ "ဒီနေ့ရထားဆိုက်တယ်" တဲ့။ မရည်ရွယ်က သူ့ကိုဖုန်းစဆက်တယ်လို့ ဆိုလိုတာပါ။  ကိုလွန်း ဘယ်လောက်ပဲ  ပွေပစေ မရည်ရွယ်တစ်ခွန်းပြောရင် နားထောင်တာတော့ သတိထားမိတယ်။ သူချစ်သွားတဲ့ပုံစံက ချစ်တဲ့သူကို ကောင်းနေ ပျော်နေစေချင်တဲ့စိတ်မျိုးပါပဲ။ ဟိုအစ်မ ပျော်နေရင် သူပျော်တယ်။ ဟိုကငိုနေရင် သူက မှိုင်နေပြီ။ ပြေးသွားချင်နေပြီ။ ဘယ်လောက်ထိလဲဆိုရင် ဟိုက "နင်မိန်းကလေးတွေကို လိုက်ပွေနေတယ်ဆို။ သောက်ကောင်။ နင်သူများတွေကို ဒုက္ခလိုက်မပေးစမ်းပါနဲ့" လို့ပြောလိုက်တာ အဲ့ကိစ္စတွေပါ တကယ် ရပ်သွားတဲ့ထိပဲ။

"တစ်ခါတစ်လေလည်း ရည်ရွယ်နဲ့ အကြာကြီး အဆက်အသွယ်မရဘူးကွာ။ တစ်ခါတစ်လေလည်း ဖုန်းရလို့ စကားတွေပြန်ပြောဖြစ်ကြတယ်။  စကားကတော့ ဘယ်အချိန်စကားပြောပြော ငါ့စိတ်ကနွေးနွေးထွေးထွေးခံစားရတုန်းပဲ။ ပျော်စရာကောင်းတုန်းပဲ။"

မရည်ရွယ်ကို ရဖို့မကြိုးစားတော့ဘူးလား ဆိုတော့ မသိဘူး ငါချစ်တာပဲသိတယ်။ သူ့အနေနဲ့ တစ်သက်လုံး ဒီမျက်နှာကို မြင်နေသိနေရရင် စိတ်ချမ်းသာပါတယ်တဲ့။ ကျနော်တို့ကတော့ ရှေ့ဆက်တိုးဖို့ ဝိုင်းပြောတာပေါ့လေ။ 

ဒါပေမယ့် မရည်ရွယ်က အဖေဆုံးတာကြောင့် အိမ်စီးပွားရေးကို အဖက်ဆယ်ဖို့ ရန်ကုန်ကနေ နတ်မောက်ကို အပြီးပြောင်းသွားခဲ့တယ်။ ပိုဆိုးတာ ကိုလွန်းဆုံးတာတောင် ခုထိ သူသိမသိမသေချာဘူး။ ဟိုကိုပြောင်းသွားကတည်းက တစ်ဖြည်းဖြည်း အဆက်အသွယ်ပြတ်သွားတယ်ပြောတယ်။ ကျနော်လည်း နယ်ရောက်သွားတော့ သူတို့အကြောင်း အရင်လောက်မသိရတော့ဘူး။ ကိုလွန်းဆိုင်ကယ်မှောက်တော့ ဘာစကားမှမပြောနိုင်ပဲ ဆေးရုံရောက်ရောက်ချင်းဆုံးသွားတယ်လို့ သိရတယ်။ ကိုလွန်းအသုဘကိုလည်း မရည်ရွယ်ရောက်မလာခဲ့ဘူး။ အဲ့အကြောင်းကိုကြားတော့ ကိုလွန်းဆိုနေကျ "သတိရရင်ပြီးတာပဲ" ဆိုတဲ့သီချင်းကို သတိရမိပါတယ်။  နောက်ဆုံးအချိန်မှာ မတွေ့တာကြာတဲ့ မရည်ရွယ်ကို သတိရပြီး ဘဝကူးမှကောင်းရဲ့လားမပြောတတ်။ မရည်ရွယ်ကရော ကိုလွန်းအကြောင်း တစ်ခါတစ်လေများ စိတ်ထဲရောက်နေမလား။ သတိမှရရဲ့လား။ သတိရရင်ပြီးတာပဲဆိုတဲ့ လူတစ်ယောက်က သတိရခြင်းကိုတောင် နောက်ဆုံးအချိန်မှာမရခဲ့ရှာပါဘူး။ လူတစ်ဦးတစ်ယောက်ကို သူ့လို ချစ်နိုင်ဖို့ဆိုတာလည်း လွယ်တော့မလွယ်ဘူး။  ဒါ ချစ်ရတဲ့ မိန်းမတစ်ယောက်ရဲ့ မျက်နှာကို မြင်နေသိနေရရင် တစ်သက်လုံး စိတ်ချမ်းသာပါတယ်ဆိုတဲ့ ယောကျာ်းတစ်ယောက်အကြောင်းပါပဲ။ အချစ်ဆိုတာ တကယ်ရှိပါတယ်။ အချစ်ထက် ပိုတယ်ဆိုတဲ့အရာတွေတောင် ရှိပါတယ်။

-ဆပ်ရိပ်
၆.၁၁.၁၉

Comments

Post a Comment