မြစ်ရဲ့သီချင်း

တနေကုန် အနွေးထည်မချွတ်ရသော အညာဆောင်းကို သူသဘောကျသည်။ ဧရာဝတီသည် သမိုင်းဖြစ်ရပ်များကို လျစ်လျူရှုထားသလို ဣန္ဒြေမပြတ် စီးဆင်းနေသည်။ မကွေးမြသလွန်ဘုရားရင်ပြင်တော်အောက်တွင်ဖွင့်ထားသော လက်ဖက်ရည်ဆိုင်ကလေးရှိ တရုတ်မိတ်ဆောင်းဘောက်ကလေးမှာပင် နဒီမဂ်လာသီချင်းကို သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။ " နံနက်ခင်း ဆီးနှင်းတို့အဝေးမလွင့်မီ နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ " လူသည် မည်သည့်အချိန်မှစပြီး နေထွက်နေဝင်ဆည်းဆာကို ခံစားတတ်ပါသလဲ။ သဘာဝတရားကို ဘယ်အချိန်မှာစပြီး ချစ်တတ်ပါသလဲ။ အိပ်ယာထကာစဖြစ်၍ ဆိုင်ဝန်ထမ်းကောင်လေး၏ မျက်နှာမှာ သစ်ရွက်ခြောက်တရွက်လို ကြွေမွနေသည်။ ဆိုင်က ရင်ပြင်တော်အောက်ဆိုသော်လည်း ပင်မရင်ပြင်တော်ထက် တဆင့်သာနိမ့်သော ကြွေပြားကပ်ပရဝဏ်အတွင်းမှာသာဖြစ်သည်။ ဆိုင်ရှင်တော့ ရှိနေဟန်မတူ။ အဖျော်ဆရာဟုထင်ရသည့် ဝန်ထမ်းက လက်ဖက်ရည်ခွက်တွေထည့်သည့် စတီးလင်ဗန်းကြီးကို အငွေ့တထောင်းထောင်းထနေသော ရေနွေးပူဖြင့်ဆေးသည်။ ခုံဝိုင်းတခုတွင်နေရာယူထားသော သူ့ကိုကြည့်ပြီး " ခဏနော် အကို " ဟု ခပ်တိုးတိုးပြောသည်။ သူခေါင်းငြိမ့်ပြလိုက်တော့ မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းလေသည် ဝတ်ထားသော အနွ...